ရေကြီးမှုဒဏ် အကြီးအကျယ် ခံရသည့် ပါကစ္စတန်၏ ဘဏ္ဍာရေးအကျပ်အတည်း ပိုမိုဆိုးရွားလာ

ရေကြီးမှုဒဏ် အကြီးအကျယ် ခံရသည့် ပါကစ္စတန်၏ ဘဏ္ဍာရေးအကျပ်အတည်း ပိုမိုဆိုးရွားလာ

ပါကစ္စတန်နိုင်ငံတွင် မကြုံစဖူးသော ရေကြီးမှုများကြောင့် ဒေါ်လာ ၁၈ ဘီလီယံတန်ဖိုးရှိ ထိခိုက်ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်ဟု ခန့်မှန်းထားသလို မက်ခရိုဘောဂဗေဒ (ကျယ်ပြန့်သောအမြင်ဖြင့် စီးပွားရေးဆိုင်ရာ လေ့လာမှု)ဆိုင်ရာ အခြေခံများကို ပိုမို ဆိုးရွားစေကြောင်း Financial Post မီဒီယာက ဖော်ပြသည်။

ဒေါ်လာ ငွေပေါ်လွယ်မှု အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်ရစဉ် သွင်းကုန်များအတွက် ဝယ်လိုအားက ထိုးတက်သွားခဲ့သည်။ အဆိုပါ စိန်ခေါ်မှုများအပြင် ငွေလဲလှယ်နှုန်းကလည်း ကြီးမားသည့် ဖိအားအောက် ကျရောက်နေခဲ့ပြီး ပါကစ္စတန်ရူပီးငွေသည် အမေရိကန်ဒေါ်လာနှင့် တန်ဖိုးချင်းယှဉ်ပါက ၉ ရာခိုင်နှုန်းအထိ ထိုးကျခဲ့သည်။

စိုက်ပျိုးရေးကဏ္ဍတွင် စွမ်းဆောင်မှု အားနည်းခြင်းကြောင့် ကုန်ပစ္စည်းများ တင်သွင်းခြင်းအတွက် ဝယ်လိုအား မြင့်တက်မှုအပေါ် ဖိအားဖြစ်ပေါ်စေလိမ့်မည် ဖြစ်ကြောင်း Financial Post က ဖော်ပြသည်။

ဒေါ်လာငွေ ဖြည့်သွင်းမှုအပိုင်းတွင် တိုးတက်မှု မရှိပါက ပါကစ္စတန်၏ မက်ခရိုဘောဂဗေဒဆိုင်ရာ အားနည်းချက်များက ပြေပျောက်သွားလိမ့်မည် မဟုတ်ကြောင်း သတင်းများက ဖော်ပြသည်။
 
ရေကြီးမှုများကြောင့် စီးပွားရေးဆိုင်ရာ ဖိအားက တိုးလာခဲ့ကြောင်း ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီး မစ်ဖ်တာ အစ္စမေးလ်က ပြီးခဲ့သည့်အပတ်က ဝန်ခံခဲ့သည်။ “နိုင်ငံ ဒေဝါလီ မခံရစေအောင် ကယ်တင်ဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ထားခဲ့ရပါတယ်။ မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှုတွေကြောင့် စီးပွားရေး ဖိအားက တိုးလာခဲ့ပါတယ်” ဟု ပါကစ္စတန်ဝန်ကြီးက ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဘာလီဂါ ရာမန်နှင့် အစည်းအဝေးတွင် ပြောခဲ့ကြောင်း Dawn သတင်းစာက ကိုးကားဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required