အီရန်ရောက် အာဖဂန်ဒုက္ခသည်များ ဆက်လက်နှင်ထုတ်ခံနေရ

အီရန်ရောက် အာဖဂန်ဒုက္ခသည်များ ဆက်လက်နှင်ထုတ်ခံနေရ

အာဖဂန်နစ္စတန်နိုင်ငံသည် လူသားချင်းစာနာမှု အကျပ်အတည်းတစ်ခုအောက် ဆက်လက်ကျရောက်နေစဉ် ပြီးခဲ့သည့် သီတင်းပတ်က အာဖဂန်ဒုက္ခသည် ၇၀၀၀ ကျော်သည် အီရန်နိုင်ငံမှ နှင်ထုတ်ခြင်းကို ခံခဲ့ရကြောင်း တာလီဘန် ဦးဆောင်သည့် ဒုက္ခသည်များနှင့် မူလနေရပ်ပြန်လာရေးဆိုင်ရာ ဝန်ကြီးဌာနက စက်တင်ဘာ ၂၂ ရက်တွင် ပြောသည်။

နေ့စဉ် အာဖဂန်နိုင်ငံသား ၃၀၀၀ ခန့် အီရန်နိုင်ငံသို့ တရားမဝင် ဝင်ရောက်နေသလို တစ်ချိန်တည်းမှာပင် အဆိုပါ တူညီသော ပမာဏရှိသည့် အခြားအာဖဂန်နိုင်ငံသားများသည်လည်း ဗီဇာနှင့် ဥပဒေအထောက်အထားများဖြင့် အီရန်သို့ ခရီးသွားလာနေကြောင်း အာဖဂန်ဆိုင်ရာ အီရန်သံအမတ်ကြီး ဘာဟာဒါ အာမီနီယန်က ပြောသည်။

“အီရန်နိုင်ငံထဲကို တရားမဝင် လမ်းကြောင်းတွေကနေတစ်ဆင့် ဝင်လာတဲ့လူအများစုကတော့ လူကုန်ကူးမှု အန္တရာယ်တွေအပြင် ဝန်ဆောင်မှု မရရှိတာတွေနဲ့ ကြုံရပါလိမ့်မယ်” ဟု အာမီနီယန်က ပြောသည်။

အာဖဂန်နစ္စတန်ကို တာလီဘန်တို့ ထိန်းချုပ်မှု မတိုင်မီ ဒုက္ခသည် ၃ ဒသမ ၄ သန်းခန့်သည် အီရန်နိုင်ငံတွင် နေထိုင်ခဲ့ကြပြီး ၎င်းတို့အနက် အကြမ်းဖျင်း ၂ သန်းခန့်သည် တရားဝင် စာရွက်စာတမ်းများ မရှိခဲ့ကြကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောသည်ဟု Khaama Press မီဒီယာက ကိုးကား ဖော်ပြသည်။

 ပြီးခဲ့သည့် ငါးနှစ်အတွင်း အာဖဂန်နစ္စတန်၏ အခြေအနေက ဒေသတွင် ထူးခြားကွဲပြားနေခဲ့ပြီး နှစ်စဉ်နှစ်တိုင်း အတင်းအကျပ် နေရပ်စွန့်ခွာရသူဦးရေသည် ပုံမှန်မြင့်တက်နေခဲ့သည်။ ပြီးခဲ့သည့်နှစ်က အာဖဂန်နစ္စတန်၏ အခြေအနေက သိသိသာသာ ယိုယွင်းဆိုးရွားလာခဲ့ပြီး အတင်းအကျပ် နေရပ်စွန့်ခွာရသူဦးရေသည် ၂၀၂၀ နှစ်ကုန်ကထက် ၁၂ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly