ရန်ကုန်အသင်းကို အိမ်ကွင်းတွင် ပြန်အနိုင်ရအောင် ကြိုးပမ်းသွားမည် ဟု တောင်တရုတ်နည်းပြ ကြံုးဝါး

ရန်ကုန်အသင်းကို အိမ်ကွင်းတွင် ပြန်အနိုင်ရအောင် ကြိုးပမ်းသွားမည် ဟု တောင်တရုတ်နည်းပြ ကြံုးဝါး
ရန်ကုန်နှင့်တောင်တရုတ်အသင်းတို့အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေစဉ်။ (ဓာတ်ပုံ - ရွှေဘုတ်)

ဖေဖော်ဝါရီ ၂၅ ၊ ရန်ကုန်။            ။ ၂၀၁၆ AFC Cup အုပ်စု (ဆ) အဖွင့်ပွဲတွင် ရန်ကုန်အသင်းကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့သော ပွဲအပြီး၌ တောင်တရုတ်အသင်းအနေဖြင့် နောက်တစ်ကျော့ အိမ်ကွင်းတွင် ပြန်လည်အနိုင်ရရန် ကြိုးပမ်းမည် ဟု တောင်တရုတ်ကလပ်နည်းပြ ကတ်စမီရို က ဆိုသည်။

တောင်တရုတ်အသင်းသည် ရန်ကုန်အသင်းနှင့်ပွဲတွင် ပွဲအစ ၁၅ မိနစ်၌ ပင်နယ်တီမှတစ်ဆင့် ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း ရန်ကုန်အသင်းမှ ကျော်ကိုကို၊ မာဆယ်လို တို့၏ သွင်းဂိုးများကြောင့် ပွဲအပြီး၌ ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့သည်။

“ ကျွန်တော်တို့ ဒီနေ့ ရန်ကုန်နဲ့ပွဲမှာ အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ရန်ကုန်ကတော့ အခွင့်အရေးကို ဂိုးအဖြစ်ပြောင်းနိုင်ခဲ့တဲ့အတွက် ရှုံးနိမ့်ခဲ့ရတာပါ။ ဒါပေမယ့် ရန်ကုန်အသင်းနဲ့   နောက်တစ်ကျော့ အိမ်ကွင်းမှာ ပြန်တွေ့တဲ့အခါ အနိုင်ရအောင် ကြိုးပမ်းသွားမှာပါ။ ရန်ကုန်အသင်းမှ မဟုတ်ပါဘူး အုပ်စုအဖွင့်ပွဲမှာ အမှတ်ဆုံးရှုံးခဲ့ရတဲ့အတွက် ကျန်တဲ့ ပြိုင်ဘက်အသင်းတိုင်းကို အနိုင်ရအောင် ကြိုးစားသွားမှာပါ။ အုပ်စုအဆင့်က ကျော်ဖြတ်ပြီး နောက်တစ်ဆင့်တက်ဖို့ ယုံကြည်ပါတယ် ” ဟု တောင်တရုတ်အသင်းနည်းပြ ကတ်စမီရို က ပြောသည်။

၂၀၁၆ AFC Cup အုပ်စု (ဆ) တွင် ဟောင်ကောင်ကလပ် တောင်တရုတ်၊ မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်း၊ အိန္ဒိယကလပ် မိုဟမ်ဘေဂန်အသင်း၊ တရုတ်ကလပ်   တောင်တရုတ်အသင်း၊ မော်လဒိုက်ကလပ် မက်ဇီယာအသင်း တို့ တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။ အုပ်စုတွင်း အခြားပွဲစဉ်ဖြစ်သည့် မိုဟမ်ဘေဂန်အသင်းနှင့် မက်ဇီယာအသင်း တို့ပွဲစဉ်တွင်မူ မိုဟမ်ဘေဂန်အသင်းက အိမ်ကွင်း၌ ၅-၂ ဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly