ပြင်သစ်နှင့် အမေရိကန်တိုက်လေယာဉ်ဝယ်ယူရန် အိန္ဒိယရေတပ်က အကဲဖြတ် စမ်းသပ်

ပြင်သစ်နှင့် အမေရိကန်တိုက်လေယာဉ်ဝယ်ယူရန် အိန္ဒိယရေတပ်က အကဲဖြတ် စမ်းသပ်

အမေရိကန်ဒေါ်လာ ၅ ဘီလီယံတန်ဖိုးရှိ ပြင်သစ်လုပ် Rafale နှင့် အမေရိကန်လုပ် အက်ဖ်-၁၈ တိုက်လေယာဉ် ၂၆ စင်းကို ဝယ်ယူရန် အဆိုပါ လေယာဉ်များအား အသေးစိတ် အကဲဖြတ်စမ်းသပ်မှုကို ဂိုအာမြို့ရှိ အိန္ဒိယရေတပ် စခန်းဌာနချုပ်တွင် ပြုလုပ်ခဲ့သည်။

နှစ်နိုင်ငံ အစိုးရအချင်းချင်း သဘောတူညီချက်အရ ရေတပ်က ရရှိမည့် အဆိုပါ တိုက်လေယာဉ်များကို ဝန်ကြီးချုပ် နာရင်ဒရာမိုဒီကိုယ်တိုင် ကိုချိရေတပ်စခန်းတွင် မကြာသေးမီက တပ်တော်ဝင်ပေးခဲ့သည့်  INS Vikrant လေယာဉ်တင်သင်္ဘောနှင့် တွဲဖက်အသုံးပြုသွားမည်ဖြစ်သည်။

“Rafale နဲ့ အက်ဖ်-၁၈ တိုက်လေယာဉ်တွေအတွက် အသေးစိတ် စမ်းသပ်မှုကို ဂိုအာမြို့ ရေတပ်ဖွဲ့က ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးအဆင့် အကဲဖြတ်ခြင်းလည်း ဖြစ်ပါတယ်” ဟု အစိုးရ၏ သတင်းရင်းမြစ်များက ပြောကြားသည်။

အိန္ဒိယရေတပ်က လိုအပ်သည့် နည်းပညာဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်း ရှိ၊မရှိကို အကဲဖြတ် စမ်းစစ်ခြင်း ဖြစ်ကြောင်းလည်း ၎င်းတို့က ပြောကြားသည်။

အက်ဖ်-၁၈ တိုက်လေယာဉ်များကို တန်ချိန် ၁ သိန်းအရွယ်အစားရှိ လေယာဉ်တင်သင်္ဘောနှင့် Rafale တိုက်လေယာဉ်များကို တန်ချိန် ၆ သောင်း အရွယ်အစားရှိ လေယာဉ်တင်သင်္ဘောများအတွက် တည်ဆောက် ထားခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly