ကျောက်စိမ်းဈေးကွက် ဘယ်သူဖျက်

ကျောက်စိမ်းဈေးကွက် ဘယ်သူဖျက်

စက်တင်ဘာ ၃၀

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ဖားကန့်လုံးခင်း ကျောက်စိမ်းရတနာမြေအတွင်းမှာ တရားမဝင် ကျောက်စိမ်းတူးဖော်မှုတွေက တနေ့ထက် တနေ့၊ ပိုပိုပြီး များလာနေသလို၊ ဒီရတနာမြေအတွင်းကို အိမ်နီးချင်း တရုတ်နိုင်ငံသား ကျောက်ကုန်သည်တွေ အတားအဆီးမရှိ ဝင်ရောက်လာပြီး “ကျောက်စိမ်း” ရောင်းဝယ်ဖောက်ကားမှုတွေကို ပေါ်ပေါ်ထင်ထင်နဲ့ လုပ်ဆောင်လာနေတာကြောင့် ကချင်လူထုနဲ့ ဖားကန့်ဒေသခံတွေအကြား စိုးရိမ်မှုများ မြင့်တက်လာနေသည်။

ယခင် ကျောက်စိမ်းဈေးကွက်ဆိုသည်မှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် (ဖားကန့်လုံးခင်းရတနာမြေ)အတွင်းက ထွက်ရှိသည့်ကျောက်စိမ်းအားလုံးနီးပါးကို အိမ်နီးချင်းတရုတ်နိုင်ငံသို့ တရားမဝင်သယ်ယူကြပြီး၊ တရုတ်ကျောက်ကုန်သည်များထံ ရောင်းချသည့်ဈေးကွက်တစ်ခုသာ ရှိသည်။ သို့သော် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက်ပိုင်း ယခုအခါမှာတော့ ဖားကန့်လုံးခင်း ရတနာမြေအတွင်းမှာပင် တရုတ်ကျောက်ကုန်သည်တွေကိုယ်တိုင် လာရောက်ဝယ်ယူနေသည့် ကျောက်မျက်ဈေးကွက်သစ်ကြီး စတင်ဖြစ်ပေါ်လာနေခဲ့ပြီ ဖြစ်သည်။

တရုတ်ကျောက်ကုန်သည်တွေဟာ ဖားကန့်မြို့မှာရှိတဲ့ ကျောက်ဝိုင်းတွေကနေ ကျောက်စိမ်းတွေကို ဝယ်ယူကြသလို၊ စွန်ပစ်မြေစာပုံတွေမှာ ရေမဆေးကျောက်ရှာဖွေနေတဲ့ ရေမဆေးသမားတွေစီကနေ ဈေးအဆမတန်နှိမ်ပြီး ဝယ်ယူနေကြတာတွေလည်း ရှိလာတယ်လို့ ဒေသခံကျောက်ပွဲစားတွေက ပြောပါသည်။

Wechat / Facebook အစရှိတဲ့ ဆိုရှယ်မီဒီယာတွေကနေတဆင့် ဒီတရုတ်ကျောက်ကုန်သည်တွေက သူတို့ဝယ်ယူထားတဲ့ ဖားကန့်ကျောက်စိမ်းတွေကို တရုတ်ပြည်မကျောက်စိမ်းဈေးကွက်နဲ့ တိုက်ရိုက်ဆက်သွယ်ကာ ပြန်လည်ရောင်းချနေကြတာတွေကို လုပ်ဆောင်လာပါသည်။ ဒါ့အပြင် တရုတ်ဆက်သွယ်ရေးကွန်ယက်ဖြစ်တဲ့ Wechat ကနေတဆင့် ဒီဂျစ်တယ်ငွေကြေးလွှဲတဲ့နည်းနဲ့ ငွေလွှဲနေကြတယ်လို့ မျက်မြင်တွေ့ရှိခဲ့ရသည့် ဖားကန့်ဒေသခံ ကျောက်ကုန်သည် ကိုနော်နော်က အခုလိုပြောပြခဲ့ပါသည်။

“သူတို့က အဖွဲ့လိုက်လာပြီး Live တွေလွှင့်ပြီး၊ ရောင်းကြဝယ်ကြတာ ဟုတ်တယ်။ သူတို့အဖွဲ့မှာ ကျနော်မြင်ခဲ့ရတာက မပါဘူးဆိုရင်တောင် ကားမောင်းသမားရယ်၊ တရုတ်စကားပြန်ရယ်၊ ဗီဒီယိုကင်မရာရိုက်ပေးတဲ့သူရယ်၊ နောက်ပြီး Live လွှင့်တဲ့သူနဲ့ဆိုရင် အနည်းဆုံး သုံး၊လေးယောက်လောက်တော့ ပါတယ်။ သူတို့က ဒီမှော်တွေဘက်မှာ အကြာကြီးမနေဘူး။ တစ်ပတ်လောက်နေပြီးရင် သူတို့အဖွဲ့က ပျောက်ချင်းမလှပျောက်သွားပြန်ပြီ။ မရှိတော့ဘူး။ နောက်ပြီးတော့ သူတို့က ဒီလိုမျိုး တရုတ်ပြည်နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး Live လွှင့်ရောင်းလိုက်တဲ့အခါကျတော့ ဒီဘက်က ကျောက်ဝိုင်းတွေမှာက ကျောက်ဈေးက ထင်သလောက်မရတော့ဘူး။ ပျက်သွားပြီ။ ပျက်သွားပြီဆိုတာက သိန်းကြီးရနိုင်တဲ့ကျောက်က သိန်းဆယ်ဂဏာန်းလောက်ဘဲ ရတော့တယ် ” လို့ ဆိုသည်။

ဒီတရုတ်ကျောက်ကုန်သည်အဖွဲ့ကို ခြေရာခံကြည့်ခဲ့ကြတဲ့ ကချင်ရိုးရာယဥ◌်ကျေးမှုနှင့် စာပေအဖွဲ့ချုပ်၊ ဖားကန့်ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်များကတော့ တရုတ်ကျောက်ကုန်သည်တွေက အစုအဖွဲ့နဲ့ လာရောက်လုပ်ကိုင်ကြတဲ့အတွက် သူတို့ရဲ့အရေအတွက်ကို အတိအကျကိုတော့ ခန့်မှန်းလို့မရဘူးလို့ အခိုင်အမာ ပြောဆိုနေကြပါသည်။

အစိုးရကလည်း ဒီလိုတရုတ်ကျောက်ကုန်သည်တွေ ဝင်ရောက်ရောက်ရှိလာခြင်းနဲ့ပက်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြည်သူလူထုကို ချပြထားခြင်းမရှိသည့်အတွက် ဖားကန့်ကျောက်စိမ်းရတနာမြေကို ရောက်ရှိနေတဲ့ တရုတ်ကျောက်ကုန်သည်တွေ မည်မျှရှိသည်ကို သိရှိရန် အလွန်ခက်ခဲနေသည်။ စုံစမ်းသိရှိချက်အရ ဖားကန့်ရတနာမြေတစ်ခုလုံးမှာ ရောက်ရှိနေသော တရုတ်လူမျိုးကျောက်ကုန်သည်မှာ တစ်ရာထက်မနည်းရှိနိုင်ကြောင်း ဖားကန့်ကျောက်ကုန်သည်ဝါရင့်ပွဲစားများက ခန့်မှန်းပြောဆိုကြသည်။

တရုတ်တွေ ဘယ်သူခွင့်ပြုချက်နဲ့ ဝင်လာနေသလဲ

ကချင်ပြည်နယ်အတွင်းက ဖားကန့်လုံးခင်း ရတနာမြေဒေသကို နိုင်ငံခြားသားတွေ သွားလာခွင့်မရှိတဲ့ ကန့်သတ်နယ်မြေတစ်ခုလို ပြည်ထောင်စုအစိုးရကနေ သက်မှတ်ထားခဲ့တဲ့အတွက် အခုလို တရုတ်ကျောက်ကုန်သည်အဖွဲ့တွေ အတားအဆီးမရှိ ဝင်ရောက်လာတာက တရားမဝင် ဝင်လာတာဖြစ်တယ်လို့ ဒေသခံတွေနဲ့ ကချင်လူထုက ယူဆပါသည်။

ကချင်ဒေသထွက် ကျောက်စိမ်းတွေကို ပေါ်ပေါ်ထင်ထင်လာရောက် ဝယ်ယူရောင်းချနေကြတဲ့ တရုတ်နိုင်ငံသား ကျောက်ကုန်သည်တွေကို သက်ဆိုင်ရာက စစ်ဆေးအရေးယူတာမျိုးတွေကို တင်းတင်းကျပ်ကျပ် လုပ်သင့်တယ်လို့ ကချင်လူထုနဲ့ ဖားကန့်ဒေသခံတွေက ဆိုကြသည်။

ဒီကိစ္စနဲ့ပက်သက်ပြီး အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့ဝင် ပြည်နယ်လဝကဦးစီးမှူးကို ဆက်သွယ်မေးမြန်းနေပေမယ့်လည်း လက်ခံဖြေကြားခြင်း မရှိပါ။

စစ်ကောင်စီခန့် ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ တရားမဝင်ဝင်လာတဲ့ တရုတ်နိုင်ငံသားတွေကိုလည်း ဖမ်းဆီးအရေးယူပြီး ပြည်နှင်ဒဏ်ပေးတာတွေကို လုပ်ဆောင်နေတယ်လို့ RFA ကို အခုလ (စက်တင်ဘာလ) အစောပိုင်းက ဒီလိုဖြေဆိုထားပါတယ်။

“ကျနော်တို့က တရားဝင်ကျောက်တူးခွင့်ကို ပိတ်ထားတယ်။ နောက်တစ်ခုက သူ(တရုတ်ကျောက်ကုန်သည်)အဲ့လိုရှိနေတယ်ဆိုရင် ဒါက တရားမဝင်ခိုးပြီးတော့ သွားဝယ်တယ်။ ဒါဘဲဖြစ်မှာပါ။ တကယ်လို့ တရုတ်နိုင်ငံသားတွေ ဝင်သွားလို့ မိရင်တော့ ကျနော်တို့ ဥပဒေအတိုင်း အရေးယူတယ်။ တရားစွဲတယ်။ ပြီးရင် ပြည်နှင်တယ်၊ အဲ့လိုဘဲ ကျနော်တို့လုပ်ပါတယ်” လို့ ဖြေဆိုထားသည်။

ဒါပေမယ့် လူဦးရေဘယ်လောက်ကို အရေးယူထားပါသလဲ လို့ RFA ၏ အမေးကို လူဝင်မှုကြီးကြပ်ရေးဌာနက အဓိကကိုင်တွယ်တာကြောင့် အဲ့စာရင်းဇယားတွေကို ကြည့်ပြီးမှသာ ပြောနိုင်မယ်လို့ ဝန်ကြီးဦးရဲထွန်းက ပြန်ဖြေထားပါသည်။

ဒီဖြေဆိုမှုကိုကြည့်ခြင်းအားဖြင့် ကချင်ပြည်နယ်ရဲ့ “လဝကပြည်နယ်ဦးစီးမှူး” တစ်ယောက်ဖြစ်တဲ့ လူမှုရေးဝန်ကြီးကိုယ်တိုင်က ကျောက်စိမ်းရတနာမြေထဲ ဝင်လာနေတဲ့ တရုတ်နိုင်ငံသားအရေအတွက်ကို သိပုံမရသလို၊ ဒီကိစ္စက တိုင်းပြည်အတွက် ကြီးမားသည့် အန္တရာယ်ဆိုတာကိုလည်း အသိအမှတ်ပြုပုံမရဘူးလို့ ယူဆနိုင်ပါသည်။

ဖားကန့်ဒေသခံသတင်းရင်းမြစ်များနဲ့အတူ တရုတ်ကျောက်သည်တွေကို ခြေရာခံကြည့်ရာမှာ ဖားကန့်ရတနာမြေကို တရုတ်ကုန်သည်များ ရောက်ရှိလာတဲ့ကိစ္စဟာ စစ်ကောင်စီခန့် လက်နက်ကိုင်အဖွဲ့များ ပါဝင်ပက်သက်နေသလို၊ လူမှုရေးဝန်ကြီး ဦးရဲထွန်းကိုယ်တိုင် အနီးကပ်အုပ်ချုပ်နေတဲ့ ကချင်ပြည်နယ် နဲ့ လဝကရုံးဝန်ထမ်းနဲ့ အရာရှိများနဲ့ ထဲထဲဝင်ဝင် ပက်သက်နေကြတာကို စုံစမ်းတွေ့ရှိခဲ့ရပါသည်။

နိုင်ငံသားစိစစ်ရေးကဒ်ပြားလို့ခေါ်တဲ့ မှတ်ပုံတင်တွေကို မြန်မာနိုင်ငံနာမည်နဲ့ ဖားကန့်ရောက် တရုတ်ကျောက်သည်တွေက ဒီလဝကဝန်ထမ်းတွေစီကနေ အခကြေးငွေများပေးကာ ရယူပိုင်ဆိုင်ထားကြပါသည်။ ကချင်လူထုနဲ့ ဖားကန့်ဒေသခံတွေကသာ မှတ်ပုံတင်လုပ်ရာမှာ အလွန်တရာခက်ခဲနေပေမယ့် တရုတ်ကျောက်ကုန်သည်တွေအတွက်တော့ အင်မတန်မှ လွယ်ကူနေသည်ကို တွေ့ရသည်။

“ဒီကိစ္စက အမှုလိုက်သလိုတော့ လိုက်ခဲ့တာမဟုတ်ဘူးပေါ့နော်။ ဒီကိစ္စကို စမြင်၊ စသိရကတည်းနေ ကိုယ်ဒေသရဲ့အကျိုးအမြတ်ကို တော်တော်လေးထိခိုက်နေပြီး စော်ကားနေတဲ့လုပ်ရပ်တစ်ခုလို မြင်လို့ကျနော်က စုံစမ်းခဲ့တာပေါ့နော်။ စုံစမ်းကြည့်တော့ ဒီမှာ အဓိကတော့ လဝကတွေ။ လဝကတွေက တစ်ယောက်ကို သိန်း ၅၀ ကနေ ၂၀၀ ထိ အဲ့လိုမျိုးယူထားတဲ့ဟာတွေရှိတယ်။ လစဥ◌်ကြေးကလည်း ပုံမှန်ကောက်စားနေကြတယ်။ နေက်ပြီး ဖားကန့်က ဟိုတယ်တွေမှာက တရားမဝင်တဲ့ တရုတ်နိုင်ငံသားတွေမှ အများကြီးလေ။ အဲ့ဟိုတယ်ထဲမှာမှမကဘူး တချို့ဆို အိမ်ဌားပြီးနေနေကြတာ။ အဲ့လူတွေက အဲ့လိုနေနိုင်ဖို့က အဓိကတော့ လဝကရဲ့ခွင့်ပြုချက်ဘဲ” ဟု တရုတ်ကျောက်သည်အဖွဲ့ကို စုံစမ်းခဲ့တဲ့ ဖားကန့်ကျောက်မျက် လုပ်ငန်းရှင်များအသင်းမှ ကိုအောင်အောင် (အမည်လွှဲ) က အခုလို ပြောပြပါသည်။

မှော်ဇီဆာ၊ လုံးခင်း အစရှိသည့် ဖားကန့်လုံးခင်း ရတေနာမြေအတွင်းက ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များမှာ တရုတ်ကျောက်ကုန်သည်အဖွဲ့ကို အများဆုံးတွေ့ရတယ်လို့ ၎င်းက ဆိုပါသည်။

နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်

ကချင်ပြည်နယ်က ကန်ပိုက်တီ၊ လွယ်ဂျယ် နဲ့ ပန်ဝါ အစရှိသည့် တရုတ် - မြန်မာ နယ်စပ်ဂိတ်စခန်းတွေကနေ တရုတ်နိုင်ငံသားတွေက မြန်မာနိုင်ငံ (ကချင်ပြည်နယ်အတွင်း)အတွင်းကို နယ်စပ်ဖြတ်သန်းခွင့် အလည်အပတ် Border Pass (BP) နဲ့ ယာယီနေထိုင်ခွင့် Green Card (GC) ကဒ်များဖြင့် ဝင်ထွက်သွားလာနေကြတယ်လို့ ကချင်ပြည်နယ် လဝကရုံး၏အချက်အလက်အရ စုံစမ်းသိရှိရသည်။

နယ်စပ်ဖြတ်သန်းခွင့် အလည်အပတ် Border Pass (BP) က (၁၃)ညအိပ် (၁၄)ရက်ခွင့်ပြုထားပြီး၊ ဒီခွင့်ပြုမိန့်ကို ပြည်နယ်လဝကက အထူးကြီးကြပ်ကာ ပြည်နယ်အစိုးရအဖွဲ့မှ တိုက်ရိုက် ခွင့်ပြုပေးထားပါသည်။ ယာယီနေထိုင်ခွင့် Green Card (GC)ကိုတော့ ပြည်ထောင်စုအစိုးရရဲ့လုပ်ပိုင်ခွင့်နဲ့ (၃)လ ခွင့်ပြုပေးထားတယ်လို့ အမည်မဖော်လိုသည့် လဝကမြို့နယ်ဦးစီးမှူးတစ်ယောက်က အခုလို ပြောပြခဲ့ပါသည်။

“ဒီကိုဝင်လာကြတဲ့ တရုတ်နိုင်ငံသားအများစုက နယ်စပ်ဖြတ်သန်းခွင့် Border Pass နဲ့ဝင်လာကြတဲ့သူတွေများပါတယ်။” လို့ ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်က ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စာရင်းအချက်အလက်တွေအရ အဆိုပါ တရုတ် - မြန်မာနယ်စပ်ဂိတ်တွေကနေ တရုတ်နိုင်ငံသားတွေက တစ်ရက်ကို အယောက် ၅၀၀ နီးပါး ဝင်ထွက်သွားလာနေကြတယ်လို့ ၎င်းလဝကဦးစီးမှူးက ပြောပြပါသည်။

ပုံမှန်အားဖြင့် တရုတ်နှစ်သစ်ကူးအပြီး သင်ကြန်မတိုင်မီ ကျောက်စိမ်းအရောင်းအဝယ်က အကောင်းဆုံးအချိန်ဖြစ်ပြီး၊ ထိုအချိန်မတိုင်မီက ကျောက်မျက်ပြပွဲ တစ်ခုခုပြုလုပ်တက်သဖြင့် ကျောက်ကုန်ကြမ်းလည်း ပေါလေ့ရှိသည်။ ဒါပေမယ့် ကိုဗစ်နိုင်တင်းကပ်ရောဂါ စတင်တဲ့အချိန်ကစပြီး ပြည်တွင်းကျောက်စိမ်းဈေးကွက်က အရောင်းအဝယ်ထိုင်းသွားသည့်အပြင် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံရေးမတည်ငြိမ်မှုူများကြောင့် လုပ်ရကိုင်ရတာကလည်း ပိုကျပ်တည်လာကြတယ်လို့ ကျောက်မျက်လုပ်ငန်းရှင်များက ဆိုကြသည်။

စစ်ကောင်စီလက်အောက်ခံ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MGE) ကို အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့က အရေးယူဒဏ်ခတ်ထားပေမယ့် ကျောက်စိမ်းကို တရုတ်က အဓိကဝယ်ယူနေသည့်အတွက် စစ်ကောင်စီအဖို့ ထိခိုက်မှုမရှိပါ။

တရုတ်ရိုးရာစဥ◌်ဆက် တရုတ်နန်းတွင်းတော်ဝင်မျိုးနွယ်တို့နှင့် ဆက်စပ်ပြီးသိထားကြသည့် ကျောက်စိမ်းက တရုတ်နိုင်ငံမှာ “ရွှေနဲ့ ငွေ” ထက်ကိုပင် ပိုပြီးတန်ဖိုးထားလာကြသလို၊ တရုတ်ကြွယ်ဝချမ်းသာကြသူများအတွက် ကျောက်စိမ်းက ယင်းတို့၏ ကြွယ်ဝချမ်းသာမှု အဆင့်အတန်းတစ်ရပ်ကိုဖော်ပြနိုင်သော သင်ကေတ ပစ္စည်းတစ်ခုဖြစ်လာတယ်လို့ (၂၀၁၅) ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ထားသည့် Global Witness ရဲ့ “ကျောက်စိမ်း - မြန်မာနိုင်ငံ၏ ကြီးမားသည့် နိုင်ငံတော် လျို့ဝှက်ချက်” ဆိုသည့် အစီရင်ခံစာတွင် မှတ်ချက်ပြု ဖော်ပြထားသည််။

နယ်စပ်ဖြတ်ကျော်အလည်အပတ် (BP) နဲ့လာရောက်ကြတဲ့ တရုတ်နိုင်ငံသားတွေက ကချင်ပြည်နယ်အတွင်းသားမက မြန်မာနိုင်ငံမှာ အလုပ်လုပ်ခွင့်မရှိသလို စီးပွားရှာလို့လည်း မရကြောင်း ကချင်သတင်းရင်းမြစ် ရှေ့နေအသိုင်းအဝိုင်းက ထောက်ပြပြောဆိုပါသည်။

တရာမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို လူဝင်မှုကြီးကြပ်ရေး (လဝက) ဥပဒေပုဒ်မ - ၁၃ (၁) အရ ထောင်ဒဏ် ခြောက်လကနေ ငါးနှစ်ထိဖြစ်စေ၊ ငွေဒဏ် (၁၀) သိန်းဖြစ်စေ သို့မဟုတ် ထောင်ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ပါသည်။

ပြီးခဲ့သည့် NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ကချင်ပြည်နယ်အတွင်းမှာ တရုတ်နိုင်ငံသား ၂၁၆၆ ဦး၊ အိန္ဒိယ ၁၁၃ ဦး၊ ပါကစ္စတန် ၁၄ ဦးနဲ့ နီပေါနိုင်ငံသား ၂၆ ဦး စုစုပေါင်း ၂၃၁၉ ဦး ရှိခဲ့ပြီး၊ ၁၂ နှစ်အထက် ဝင်ရောက်နေထိုင်သူတွေထဲမှာ တရုတ်နိုင်ငံသား ၁၂၆၉ ဦးခန့်ရှိသည့်အတွက် ပြည်နယ်အတွင်း တရုတ်နိုင်ငံသားအများဆုံး ဝင်ရောက်ခဲ့တယ်လို့ အစိုးရအဖွဲ့စာရင်းဇယားများအရ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျင်ပြည်နယ်ထဲ တရုတ်နိုင်ငံသားတွေ အခုလို မှတ်ပုံတင်အတုတွေနဲ့ အတားအဆီးမရှိ ဝင်ရောက်လာနေပြီး၊ ရေမဆေးကျောက်များပါမကျန် မတန်ရင်ကာ ဈေးနှိမ်ပြီး ကျောက်ဈေးကွက်ကို လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေတာကို သက်ဆိုင်ရာက အချိန်မီမတားဆီးနိုင်ရင် ကျောက်ဈေးကွက်နဲ့အတူ ကျောက်ဈေးကွက်ကို မှီခိုနေရသူတွေရဲ့ ဘဝတွေပါ လုံးပါးပါးသွားနိုင်သည်ကို အာဏာပိုင်တွေ သတိပြုသင့်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required