အကြမ်းဖက်သမားများကို တရုတ်က အကာအကွယ်ပေးနေကြောင်း အိန္ဒိယက ကုလလုံခြုံရေးကောင်စီတွင် သွယ်ဝိုက် ပြစ်တင်

By Rediff.com
26 September 2022
အကြမ်းဖက်သမားများကို တရုတ်က အကာအကွယ်ပေးနေကြောင်း အိန္ဒိယက ကုလလုံခြုံရေးကောင်စီတွင် သွယ်ဝိုက် ပြစ်တင်

ကမ္ဘာ့ကြောက်စရာအကောင်းဆုံး အကြမ်းဖက်သမားအချို့ကို ပိတ်ဆို့အရေးယူမှု လုပ်ဆောင်ရာတွင် တရုတ်အစိုးရက လွတ်ငြိမ်းကင်းလွတ်ခွင့်နှင့် နိုင်ငံရေးအရ အကာအကွယ်ပေးခြင်းတို့ကို လုပ်ဆောင်နေကြောင်း ပါကစ္စတန်အခြေစိုက် အကြမ်းဖက်သမားများအပေါ် အမည်ပျက်စာရင်းသွင်းရာတွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အကြိမ်များစွာ တားမြစ် ဟန့်တားခဲ့ခြင်းသည် ဝမ်းနည်းစရာကောင်းကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက စက်တင်ဘာ ၂၂ရက်တွင် သွယ်ဝိုက် ပြောကြားခဲ့သည်။

 “အပြစ်ရှိတဲ့သူတွေကို ကင်းလွတ်ခွင့်ပြုနေတဲ့အပေါ် နှိမ်နှင်းတာက ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးအတွက် အရေးကြီးပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့ ဒီကိစ္စကို ပြတ်သားရှင်းလင်းစွာ ဆောင်ရွက်ဖို့ လိုပါတယ်” ဟု အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သည့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် အက်စ်ရှ်ဂျိုင်ရှန်ကာက ပြောကြားသည်။

ကုလသမဂ္ဂရုံးချုပ်တွင် စက်တင်ဘာ ၂၂ ရက်က ကျင်းပခဲ့သည့် အထွေထွေညီလာခံ ၇၇ ကြိမ်မြောက် အဆင့်မြင့်အရာရှိများ အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်သည့် ပြင်သစ်နိုင်ငံ၏ ဥရောပနှင့် နိုင်ငံခြားရေးရာဝန်ကြီး ကက်သရင်းကိုလွန်နာက ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရက်စ်၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလန်ကင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်၊ ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဝန်ကြီး ဂျိမ်းစ်ကလယ်ဗာလီနှင့် ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ကြသည်။

“တာဝန်ယူမှုကို ခေါင်းရှောင်ဖို့ နိုင်ငံရေးနဲ့ ဘယ်တော့မှ အကာအကွယ်မပေးသင့်ပါဘူး။ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်လည်း မပေးသင့်ပါဘူး။ ကမ္ဘာ့ပေါ်မှာ ကြောက်စရာအကောင်းဆုံးအကြမ်းဖက်သမားတွေကို ပိတ်ဆို့အရေးယူဖို့ လုပ်လာတဲ့အခါ ဒီလိုဆောင်ရွက်မှုများတွေကို တွေ့လာရတာ စိတ်မကောင်းစရာပဲ” ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးတက်ရောက်ခဲ့သည့် အစည်းအဝေးတွင် ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။

“နေ့ခင်းကြောင်တောင် လက်ရဲဇက်ရဲ တိုက်ခိုက်မှုတွေကို အပြစ်မယူဘဲ လွှတ်ထားမယ်ဆိုရင် ဒီကောင်စီက ဒီလုပ်ရပ်တွေကို ကင်းလွတ်ခွင့်ပေးတယ်လို့ ဖော်ပြရာရောက်ပါတယ်။ စိတ်ချယုံကြည်ရမှုရှိစေဖို့အတွက် တစ်ညီတစ်ညွတ်တည်း လုပ်ဆောင်ရပါမယ်” ဟု လည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ပါကစ္စတန်အခြေစိုက် အကြမ်းဖက်သမားများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပိတ်ဆို့အရေးယူမှု အစီအစဉ်အရ အမည်ပျက်စာရင်းသွင်းရန် အိန္ဒိယ၊ အမေရိကန်နှင့် အခြားအနောက်နိုင်ငံများက တောင်းဆိုမှုကို ပါကစ္စတန်၏ အမြဲတမ်းမဟာမိတ်ဖြစ်ပြီး ဗီတိုအာဏာဖြင့် ပယ်ဖျက်နိုင်ခွင့်ရှိသည့် တရုတ်က မကြာခဏ တားမြစ် ကန့်ကွက်ခဲ့သည်။ 

ကမ္ဘာ့အကြမ်းဖက်သမားတစ်ဦးအဖြစ် ၂၆/၁၁ မွမ်ဘိုင်း တိုက်ခိုက်မှုအား ကျူးလွန်မှုဖြင့် အလိုရှိနေသူ  Lashkar-e-Taiba လက်ရှ်ကာအီတီဘာအဖွဲ့၏  အကြမ်းဖက်သမား ဆာဂျစ်မာအား သတ်မှတ်ရန် အမေရိကန်နှင့် အိန္ဒိယတို့က ယခုလအတွင်း ကုလသမဂ္ဂတွင် တောင်းဆိုခဲ့သော်လည်း တရုတ်က ကန့်ကွက်ခဲ့သည်။

ပြီးခဲ့သည့်လအတွင်းကလည်း Jaish-e Mohammed (JeM) ၏ အကြီးအကဲ မာဆွတ်အာဇဟာ၏ ညီဖြစ်ပြီး ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့အစည်းတစ်ခု၏ အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ရာအူးအာဇဟာကို အမည်ပျက်စာရင်းသွင်းရန်  အမေရိကန်နှင့် အိန္ဒိယတို့က ကုလသမဂ္ဂတွင် ကြိုးပမ်းခဲ့သော် လည်း တရုတ်က ကန့်ကွက်ခဲ့သည်။ အဗ္ဗဒူရာအူးကို ၁၉၇၂ ခုနှစ်က ပါကစ္စတန်တွင် မွေးဖွားခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် အမေရိကန်က ပိတ်ဆို့အရေးယူမှု ချမှတ်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required