ရွှေစက်တော်မန်းချောင်းရေကြီးမြင့်တက်မည်ဟု သတင်းထွက်ပေါ်မှုကြောင့် ဒေသခံများစိုးရိမ်

ရွှေစက်တော်မန်းချောင်းရေကြီးမြင့်တက်မည်ဟု သတင်းထွက်ပေါ်မှုကြောင့် ဒေသခံများစိုးရိမ်
မန်းချောင်တွင် ဖေဖော်ဝါရီ ၂၅ရက်နေ့မနက်ပိုင်းက ရေကစားနေသူများကိုတွေ့ရစဉ်။ (ဓာတ်ပုံ-တင်ရွှေ)

မင်းဘူး   ဖေဖော်ဝါရီ   ၂၅ ။          ။ မန်းရွှေစက်တော်ဘုရား၏ မန်းချောင်းရေကြီးမည်ဟု လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့လျက်ရှိသော ကြောင့် ဘုရားဖူးများနှင့်ရွှေစက်တော် လုပ်ငန်းရှင်များအကြား  စိုးရိမ်ပူပန်မှုများရှိခဲ့ကြောင်း သိရသည်။

မိုးလေဝသဌာနက ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် မင်းဘူးမြို့အပါအဝင် မြို့ ၁၅ မြို့တွင် ဧရာဝတီမြစ်ရေ ၅ ပေမှ ၈ ပေအထိ မြင့်တက်လာနိုင်သည်ဟု သတင်းထုတ်ပြန်ချက်ထွက်ပေါ်လာပြီးနောက် မန်းရွှေစက်တော်တွင် မန်းချောင်းရေကြီးမည်ဟု လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့သဖြင့် ဒေသခံများအကြား ယင်းကဲ့သို့စိုးရိမ် ပူပန်မှုများ ရှိခဲ့သည်။

"လူတွေက Facebookမှာ တင်ထားတာတွေ ကြည့်ပြီး၊စိုးရိမ်နေကြတယ်။အထူးသဖြင့် တည်းကျောင်းလုပ်ငန်း ရှင်တွေနဲ့ ဈေးသည်တွေက ပိုပြီးစိုးရိမ်ကြတာပေါ့။သူတို့ ရင်းနှီးထားတာတွေက နည်းတာမဟုတ်ဘူး။ဒီသတင်း တွေကြောင့် ဘုရားဖူးတွေစိုးရိမ်ပြီး မလာတော့မှာလည်း ကြောက်ကြတာပေါ့။" - ဟု ရွှေစက်တော်တွင် ဈေး ရောင်းချသူ ကိုသိန်းထွေးက ပြောသည်။

ရွှေစက်တော်မန်းချောင်း၏ လက်ရှိအခြေအနေမှာ ပုံမှန်အတိုင်းရှိနေပြီး၊ မန်းရွှေစက်တော်ဂေါပကအဖွဲ့မှ မီးဘေး နှင့်အတူ ရေဘေးကိစ္စရပ်များအတွက် အသံချဲ့စက်ဖြင့် နှိုးဆော်မှုများလည်း   ဆောင်ရွက်လျှက်ရှိသည်။

သို့သော် မန်းချောင်းရေနှင့်ပတ်သက်၍ ဆည်မြောင်းမှ တစုံတရာကြေညာချက်ထုတ်ပြန်သေးခြင်း မရှိသေးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

"ရွှေစက်တော်မန်းချောင်းရေအနေအထားက လတ်တလောမှာ စိုးရိမ်ဖွယ်အနေအထား မရှိသေးပါဘူး။ဒါပေမယ့် အပေါ်ဘက်က ရခိုင်ဘက်က မိုးတွေဘာတွေကျွံကျလာရင် ဒီဘက်က   ရေမြင့်တက်လာမှာစိုးလို့ ကြိုတင်သတိပေး နေတာပါ။တကယ်ဖြစ်လာတဲ့အခါမှာ ပြောရင်မယုံမှာစိုးလို့။မီးနဲ့ရေကိစ္စလည်း အစည်းအဝေးထိုင်ထားတယ်။ယခု လတ်တလောကတော့   ပြသနာမရှိသေးပေမယ့် ရခိုင်ဘက်က မိုးတွေဘာတွေလွန်လာရင်တော့ ပြသနာရှိနိုင် တယ်။" - ဟု မန်းရွှေစက်တော်ဂေါပက ဥက္ကဋ္ဌလည်းဖြစ်သည့် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦသိန်းဇော် က မဇ္ဈိမသို့ ပြောသည်။

ယခုလတ်တလောတွင် မင်းဘူးခရိုင်အတွင်း မြစ်ကမ်းနဖူးနေထိုင်သူများနှင့် သောင်ပြင်များပေါ်တွင် ထွန်ယက် စိုက်ပျိုး နေထိုင်သူများကို မြစ်ရေကြီးခြင်း သတိပေးနှိုးဆော်မှုများ ဆောင်ရွက်လျှက် ရှိကြောင်း  ၎င်းက ဖြည့်စွက် ပြောပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly