ရှင်ဇိုအာဘေး၏ ဈာပနသို့ စစ်ကောင်စီ သံတမန်ကို တက်ခွင့်ပြုမှုအတွက် ဂျပန်အစိုးရ ဝေဖန်ခံရ

By The Asahi Shimbun
29 September 2022
ရှင်ဇိုအာဘေး၏ ဈာပနသို့ စစ်ကောင်စီ သံတမန်ကို တက်ခွင့်ပြုမှုအတွက် ဂျပန်အစိုးရ ဝေဖန်ခံရ

စက်တင်ဘာ ၂၉

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော် ဈာပနအခမ်းအနားသို့ စစ်ကောင်စီ လက်အောက်ခံ သံအမတ်ကို ဖိတ်ကြားခဲ့သည့် ဂျပန်အစိုးရကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ရှုတ်ချဝေဖန်လိုက်သည်။

မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနသည် အာဘေး၏ ဈာပန၌ မြန်မာသံအမတ် စိုးဟန် တက်ရောက်ခဲ့သည့် ဓာတ်ပုံများကို စက်တင်ဘာ ၂၇ ရက်က ဆိုရှယ်မီဒီယာတွင် တင်ခဲ့သည်။

“စစ်တပ်အာဏာသိမ်းထားတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ကိုယ်စားလှယ်တစ်ဦးကို ဒီလို နိုင်ငံတော် ဈာပနအခမ်းအနားမှာ တက်ရောက်ခွင့်ပေးတာက အာဏာသိမ်းစစ်တပ်ကို အတည်ပြုပေးတဲ့ လုပ်ရပ်တစ်ခု ဖြစ်နေတယ်” ဟု နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ယမန်နှစ် ဖေဖေါ်ဝါရီလက စစ်တပ်က အာဏာသိမ်းခဲ့သည်။ ထို့နောက် အာဏာသိမ်းမှုကို ဆန့်ကျင်သူများအပေါ် စစ်တပ်က လူမဆန် ရက်စက်စွာ ဖြိုခွင်းခဲ့မှုကြောင့် ဆန္ဒပြသူများနှင့် တက်ကြွလှုပ်ရှားသူများ အပါအဝင် အရပ်သား အများအပြား သေဆုံးခဲ့ရသည်။

မြန်မာနိုင်ငံ၏ အခြေအနေအပေါ် “အလွန်တရာ စိုးရိမ်ပူပန်ကြောင်း” ဂျပန်အစိုးရက အနောက်နိုင်ငံများနှင့်အတူ ထုတ်ဖော်ခဲ့သည်။ အရပ်သားများအပေါ် အကြမ်းဖက်မှု အမြန်ဆုံး ရပ်ဆိုင်းရေး၊ ထိန်းသိမ်းဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရေးနှင့် မြန်မာတွင် ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို မူလအတိုင်း အမြန်ဆုံး ပြန်လည်ထားရှိရေး ၎င်းတို့က မြန်မာအာဏာသိမ်းစစ်အုပ်စုကို တောင်းဆိုခဲ့သည်။

ဂျပန်အစိုးရသည် အာဘေး၏ နိုင်ငံ‌တော် ဈာပနပွဲနှင့် စပ်လျဉ်းပြီး ၎င်းတို့နှင့် သံတမန်ဆက်ဆံရေး ရှိသည့် နိုင်ငံအားလုံးကို ဖိတ်ကြားခဲ့သည်။

ဆုံးဖြတ်ချက်က ဈာပနပွဲ၏ သဘောသဘာဝအရ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် မြန်မာကဲ့သို့ နိုင်ငံများကို ဖယ်ထုတ်ထားခဲ့ခြင်း မရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ယူကရိန်းအပေါ် ကျူးကျော်စစ် ဆက်လက်ဆင်နွှဲနေသည့် ရုရှကိုလည်း ဖိတ်ခေါ်အကြောင်းကြားခဲ့သည်။

ဂျပန် အစိုးရ၏ ဆုံးဖြတ်ချက်ကို ဂျပန်ရောက် မြန်မာများနှင့် လူ့အခွင့်အရေးအဖွဲ့များက ဆန့်ကျင်ခဲ့ပြီး ဈာပနအခမ်းအနားသို့ မြန်မာအာဏာသိမ်းစစ်တပ် ကိုယ်စားပြု မည်သည့်ပုဂ္ဂိုလ်ကိုမှ မဖိတ်ကြားရန် တိုက်တွန်းခဲ့သည်။

သို့သော် စိုးဟန်သည် တိုကျိုမြို့ Nippon Budokan ခန်းမတွင် ကျင်းပသည့် အာဘေး၏ ဈာပနပွဲသို့ တက်ရောက်ခဲ့သည်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနသည် အာဘေး၏ ဈာပနပွဲ၌ စိုးဟန် တက်ရောက်နေသည့် ဓာတ်ပုံများကို ယင်း၏ ဝက်ဘ်ဆိုဒ်နှင့် ဖေ့ဘွတ်ခ်တို့တွင် တင်ခဲ့သည်။

“အာဏာသိမ်းစစ်အုပ်စုဟာ မြန်မာကို ကိုယ်စားပြုတဲ့ တရားဝင် အစိုးရ ဖြစ်တယ်ဆိုပြီး ဝါဒဖြန့်ဖို့ ဒီ ဓာတ်ပုံတွေကို အသုံးပြုတာပါ” ဟု HRW ၏ အရာရှိတစ်ဦးဖြစ်သည့် တက်ပေ ကာဆိုင်းက ပြောသည်။

“စစ်အုပ်စုကို အသိအမှတ်မပြုဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက အတူတကွ လုပ်ဆောင်နေပေမယ့် ဂျပန်အစိုးရကတော့ ဆန့်ကျင်ဘက်အတိုင်း လုပ်နေတယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်က ကျင်းပခဲ့သည့် ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်၏ နိုင်ငံတော် ဈာပနအခမ်းအနားတွင် ယေဘုယျအားဖြင့် ဗြိတိန်နှင့် သံတမန်ဆက်ဆံရေး ရှိသည့် နိုင်ငံများကို ဖိတ်ကြားခဲ့သော်လည်း ရုရှ၊ မြန်မာနှင့် ဆီးရီးယားကဲ့သို့ နိုင်ငံများကို ဖိတ်ကြားခဲ့ခြင်း မရှိပေ။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required