အာဖဂန်နစ္စတန် ပန်ဂျ်ရှားပြည်နယ်တွင် တာလီဘန်တို့က ထိန်းသိမ်းထားသူများကို သတ်ဖြတ်ပစ်နေဟု ကုလ ပြော  

By Khaama Press
25 September 2022
အာဖဂန်နစ္စတန် ပန်ဂျ်ရှားပြည်နယ်တွင် တာလီဘန်တို့က ထိန်းသိမ်းထားသူများကို သတ်ဖြတ်ပစ်နေဟု ကုလ ပြော  

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ပန်ဂျ်ရှားပြည်နယ်တွင် တာလီဘန်တို့က ၎င်းတို့ ထိန်းသိမ်း ဖမ်းဆီးထား သူများကို သတ်ဖြတ်ပစ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များက ခိုင်လုံစိတ်ချရ ကြောင်း အာဖဂန်ရှိ ကုလသမဂ္ဂ အကူအညီပေးရေး မစ်ရှင် (UNAMA) က ပြောသည်။

 ကုလ အေဂျင်စီအနေဖြင့် တာလီဘန်ကို ဆန့်ကျင်သည့် အာဖဂန်အမျိုးသားတော်လှန်ရေးတပ်ဦး (NRF) အဖွဲ့၏ ဇာတိနယ်မြေဖြစ်သော ပန်ဂျ်ရှားတွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်ပြီး အနီးကပ် စောင့်ကြည့်နေကြောင်း UNAMA က စက်တင်ဘာ ၁၉ ရက် တရားဝင် ဖေ့ဘွတ်ခ်စာမျက်နှာတွင် ရေးသည်။

 စုံစမ်းစစ်ဆေးမှုများကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ရေး UNAMA က တာလီဘန်တို့ကို တိုက်တွန်းခဲ့သလို ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များ ကျူးလွန်သူများကို တရားစွဲဆို အရေးယူရေး တောင်းဆိုသွားခဲ့သည်။

 NRF အဖွဲ့ဝင်များ ပစ်ခတ်ခံရသည့် ဗီဒီယိုများ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့လာခဲ့စဉ် ယခုကဲ့သို့ UNAMA ၏ ထုတ်ပြန်ချက် ထွက်ရှိခြင်း ဖြစ်သည်။

 ထို ဗီဒီယိုများ အစစ်အမှန် ဟုတ်၊ မဟုတ်ကို လွတ်လပ်သောအာဏာပိုင်များက အတည်ပြုနိုင်ခြင်း မရှိသော်လည်း ထိုလုပ်ရပ်မျိုးအပေါ် နိုင်ငံတကာ အဖွဲ့အစည်းတချို့က ရှုတ်ချခဲ့ပြီး စစ်ရာဇဝတ်မှုတစ်ခု ဖြစ်ကြောင်း ပြောခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required