အာဖဂန်နစ္စတန်ဘက်မှ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုကြောင့် ပါကစ္စတန်စစ်သား သေဆုံး

အာဖဂန်နစ္စတန်ဘက်မှ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုကြောင့် ပါကစ္စတန်စစ်သား သေဆုံး

ပါကစ္စတန်နိုင်ငံ မြောက်ဝါဇီရစ္စတန်ခရိုင် ဒီဝါတိုအီ ဧရိယာတွင် အကြမ်းဖက်သမားများနှင့် အပြန်အလှန် ထိတွေ့ပစ်ခတ်မှုအတွင်း ပါကစ္စတန်စစ်တပ်မှ စစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်၏ ဌာနပေါင်းစုံ ပြည်သူ့ဆက်ဆံရေး (ISPR) ဌာနက စက်တင်ဘာ ၂၀ ရက် ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

တိုက်ခိုက်သူများသည် စက်တင်ဘာ ၁၉ ရက်က အာဖဂန်နစ္စတန်နိုင်ငံဘက်ခြမ်းမှ နေရာယူပြီး ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့များကို ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ISPR က ပြောသည်။

ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များက ပြန်လည် တုံ့ပြန်ပစ်ခတ်ခဲ့သည့်အတွက် အကြမ်းဖက်သမားများ သေကျေဒဏ်ရာရမှုများနှင့် အကြီးအကျယ် ကြုံတွေ့ခဲ့သည်ဟု ခိုင်လုံသည့် ထောက်လှမ်းရေး သတင်းအချက်အလက်များအရ သိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သေဆုံးသွားသည့် ပါကစ္စတန်စစ်သားသည် အသက် ၃၄ နှစ်အရွယ် နာဇာ မိုဟာမက် ဖြစ်ကြောင်းနှင့် ၎င်းသည် ဘာလိုချီစတန်ပြည်နယ် ဂျက်ဖာရာဘတ် ဧရိယာမှ ဖြစ်ကြောင်း သိရသည်။

 “အကြမ်းဖက်သမားတွေ အာဖဂန်မြေကို အသုံးပြုပြီး ပါကစ္စတန်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ လုပ်ရပ်တွေ လုပ်တဲ့အပေါ် ပါကစ္စတန်အနေနဲ့ အပြင်းအထန် ကန့်ကွက်ရှုတ်ချပါတယ်။ အာဖဂန်ရဲ့ ကြားဖြတ်အစိုးရအနေနဲ့ ရှေ့ကာလမှာ ဒီလိုမျိုး လုပ်ရပ်တွေကို ခွင့်ပြုပေးမှာ မဟုတ်ဘူးလို့ မိမိတို့ မျှော်လင့်ပါတယ်” ဟု ပါကစ္စတန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly