ပါကစ္စတန်ရှိ F-16 တိုက်လေယာဉ်များ ပြုပြင်ထိန်းသိမ်းရေး အမေရိကန် ပံ့ပိုးကူညီ

By The Print
25 September 2022
ပါကစ္စတန်ရှိ F-16 တိုက်လေယာဉ်များ ပြုပြင်ထိန်းသိမ်းရေး အမေရိကန် ပံ့ပိုးကူညီ

ပါကစ္စတန်ရှိ F-16 တိုက်လေယာဉ်များ ပြုပြင်ထိန်းသိမ်းခြင်းအတွက် ဒေါ်လာသန်း ၄၅၀ တန်ဖိုးရှိ  ပစ္စည်းအစိတ်အပိုင်းများ ရောင်းချပေးမည့် အစီအစဉ်တစ်ရပ်ကို အမေရိကန်က အတည်ပြုခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။ 

ပါကစ္စတန်အစိုးရအနေဖြင့် အကြမ်းဖက်အဖွဲ့အားလုံးအပေါ် အခိုင်အမာ တုံ့ပြန်အရေးယူလိမ့်မည်ဟု အမေရိကန်က ယခုအချိန်အထိ မျှော်လင့်ထားဆဲဖြစ်ကြောင်း အဆိုပါ သတင်းစာက ဖော်ပြသည်။

အမေရိကန်၏ ယခု အကူအညီ အစီအစဉ်ကို လက်ခံရရှိခြင်းအားဖြင့် ပါကစ္စတန်အနေဖြင့် မည်သည့် အခြေအနေတွင်မဆို အကြမ်းဖက်ဝါဒနှင့် ပတ်သက်ပြီး ပေါ်ထွက်လာမည့် မေးခွန်းများကို ရှောင်တိမ်း နိုင်တော့မည် မဟုတ်သည်က ပိုမို သိသာထင်ရှားလာသည်။
 
လက်ရှိ အမေရိကန်အစိုးရသည် ယခင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်က ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကို ပြန်ပြောင်းကာ ပါကစ္စတန်အတွက် ဒေါ်လာ သန်း ၄၅၀ တန်ဖိုးရှိ F-16 တိုက်လေယာဉ် ပြုပြင်ထိန်းသိမ်းခြင်း အစီအစဉ်တစ်ရပ်ကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။
 
၂၀၁၈ ခုနှစ်က အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ပါကစ္စတန်ထံ ပေးအပ်နေသော စစ်ဖက်ကာကွယ်ရေးနှင့် လုံခြုံရေး အကူအညီအားလုံးကို ရပ်ဆိုင်းခဲ့ပြီး ပါကစ္စတန်အစိုးရသည် အကြမ်းဖက် ဝါဒကို တိုက်ဖျက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သည့် မိတ်ဖက်နိုင်ငံ မဟုတ်ကြောင်း စွပ်စွဲခဲ့သည်။ ပါကစ္စတန်အစိုးရသည် ၎င်းတို့၏ F-16 တိုက်လေယာဉ်များအတွက် အထောက်အပံ့ ရရေး တောင်းဆိုထား ကြောင်း အမေရိကန် ကာကွယ်ရေး လုံခြုံမှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (DSCA) က ပြောခဲ့သည်။

လက်ရှိ အမေရိကန်အစိုးရအနေဖြင့် ပါကစ္စတန်ကို အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ အရေးပါသော မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် ရှုမြင်သလို ပါကစ္စတန်အနေဖြင့် အကြမ်းဖက်အဖွဲ့များအပေါ် အခိုင်အမာ အရေးယူလိမ့်မည်ဟု မျှော်လင့်ထားဆဲဖြစ်သည့်အတွက် ယခုကဲ့သို့ ပါကစ္စတန်၏ F-16 တိုက်လေယာဉ်များ ပြုပြင်ထိန်းသိမ်းခြင်းအတွက် အကူအညီ အစီအစဉ်ကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်ဟု Dawn သတင်းစာက ကိုးကားဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly