နိုင်ငံရေး မလျှော့မတင်း စောင်းကြိုးညင်းရမည့် NLD နှင့် စိန်ခေါ်မှု ကစားကွက်များ

နိုင်ငံရေး မလျှော့မတင်း စောင်းကြိုးညင်းရမည့် NLD နှင့် စိန်ခေါ်မှု ကစားကွက်များ

NLD အနေဖြင့် ရွေးကောက်ပွဲ အနိုင်ရလဒ် တရားဝင်အကျိုးဖြစ်ထွန်းရန် ဖွဲ့စည်းပုံကို ပစ်မှတ်ထားဖို့ လိုအပ်သည်။ ပြီးခဲ့သည့် ငါးနှစ်အတွက် မြန်မာနိုင်ငံ၏ အသွင် ကူးပြောင်းရေး အဓိက မာတိကာက တရားဥပဒေ စိုးမိုးမှု တည်ဆောက်နိုင်ရေးဖြစ်သည်။ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေးခြင်းဖြင့် သမ္မတ ဦးသိန်းစိန်က သူ၏အစိုးရကို တရားဝင်ဖြစ်စေခဲ့သည်။ ပို၍ အရေးကြီးသည်က ၂၀၀၈ ဖွဲ့စည်းပုံ အောက်မှပင် နိုင်ငံရေး စီမံခန့်ခွဲမှုများကို ဖန်တီးခဲ့ခြင်းပင်ဖြစ်သည်။

လက်ရှိတွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ကြီးကြီးမားမား အောင်ပွဲခံလိုက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအနေဖြင့် မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ကြဉ်းနိုင်ရေးအာဏာ လက်ဝယ်ရှိလာပြီဖြစ်သည်။ သို့သော်လည်း မည်သည့်အရာများကိုသာ ရရှိ ဖော်ဆောင်နိုင်ပါမည်နည်း။

၂၀၁၁ ခုနှစ် မတ်လက သမ္မတဦးသိန်းစိန် အာဏာရယူချိန် မြန်မာနိုင်ငံသည် စိတ်ပျက်ဖွယ် နိုင်ငံတစ်နိုင်ငံဖြစ်နေသည်။ နိုင်ငံတကာ အသိုင်းအဝန်းက ဒဏ်ခတ် ထားသည်။ ပိတ်ဆို့ထားသည်။ စီးပွားရေးက ယိုယွင်းယိုင်နဲ့နေပြီး နယ်စပ် နယ်မြေများက စစ်တလင်း ဖြစ်နေသည်။ အထင်သာဆုံးကတော့ အုပ်ချုပ်ရေးပိုင်းက ဥပဒေလျော့ရဲမှုပင် ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲကို NLD ၏ သပိတ်မှောက်မှုသည် ယင်းရွေးကောက်ပွဲသည် ရှက်ဖွယ်ရာ ရွေးကောက်ပွဲ တစ်ရပ်အဖြစ် နိုင်ငံတကာ အသိုင်းအဝန်းက သုံးသပ် ခဲ့ကြပါသည်။ အစိုးရတစ်ဖွဲ့လုံးနီးပါးက ယူနီဖောင်းချွတ်၍ တိုက်ပုံဝတ်လာသူများပဲ ဖြစ်သည်။ သမ္မတဦးသိန်းစိန်က အစိုးရတရားဝင် ဖြစ်မှုအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု များကို ဖော်ဆောင်ခြင်းများဖြင့် ခြေလှမ်း စလှမ်းလာခဲ့သည်။ ထိုပြုပြင်ပြောင်းလဲမှုများကလည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု တစ်ရပ်လုံး ဖော်ဆောင်ခြင်းထက် ၂၀၀၈ ဖွဲ့စည်းပုံ အကန့်အသတ်များ အောက်တွင်သာ နိုင်ငံရေးနှင့် စီးပွားရေး လွတ်လပ်ခွင့်အတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာခြင်းသာ ဖြစ်တော့သည်။

သို့သော်လည်း အတိုက်အခံ နိုင်ငံရေး အင်အားစုများကို အားကောင်းဖြစ်ထွန်းအောင် လမ်းဖွင့် ပေးခဲ့ပါသည်။ ယင်းအခွင့်အရေးကို အရဆုပ်ကိုင်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့က လွှတ်တော်သို့ ဝင်ရောက်လာခဲ့သည်။ နိုင်ငံရေး အကျဉ်းသားများကို ဦးသိန်းစိန်လက်ထက်တွင် ပြန်လွှတ်ပေးလာသည်။ အဓိက ပြုပြင်ပြောင်းလဲမှုအဖြစ် အလုပ်သမား သမဂ္ဂ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်နှင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြုပ်နှံမှုတို့ဖြစ်ပြီး အကောင်အထည်ဖော်ဆောင် ပေးနိုင်ခဲ့သည်။ ဖြည့်စွက် ဆိုရလျှင် အင်တာနက်နှင့် သတင်းစာ လွတ်လပ်ခွင့်များကလည်း ဦးသိန်းစိန်လက်ထက်၏ ပြုပြင် ပြောင်းလဲမှုများဖြစ်သည်။ မြန်မာ့အသွင် ကူးပြောင်းမှုကို နိုင်ငံတကာက အသိအမှတ်ပြုမှု ရရှိခဲ့သည်။ ဒဏ်ခတ်ပိတ်ဆို့မှုများ ဖယ်ရှားခံရကာ အာဆီယံ၏ ဥက္ကဌအဖြစ်လည်း တာဝန်ယူခဲ့ရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး အသွင်ကူးပြောင်းမှု အခန်းကဏ္ဍသည် ဒီမိုကရေစီ ပုံဖော်မှုထက် တည်ဆဲ ဖွဲ့စည်းပုံ အစီအစဉ်အောက်ကပဲ လုပ်နိုင်သလောက်သော အသွင်ပြောင်းမှုသာ ဖြစ်ပါသည်။ NLD ဦးဆောင်အောက် နိုင်ငံရေး အသွင်ကူးပြောင်းမှုကို နောက်တစ်ဆင့် ဖော်ဆောင်ချိန်တွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် လုပ်ဆောင်သင့်သည် များသာ အဓိက ခေါင်းစဉ်ဖြစ်လာပါလိမ့်မည်။ ယင်းကြောင့် ရှိနေဆဲ နိုင်ငံရေး နယ်ပယ် အခင်းအကျင်းနှင့် စမ်းသပ်ထိတွေ့မှုများ ရှိလာရမည်ပဲဖြစ်သည်။

ထင်သာသည့် ဥပမာကတော့ သမ္မတနေရာအတွက် ဒေါ်အောင်ဆန်းစုကြည်ကို တင်ရေး NLD ၏ ကြိုပမ်းနေမှုပဲဖြစ်သည်။ ဖွဲ့စည်းပုံအရဆိုလျှင် သားနှစ်ဦး နိုင်ငံခြားသား ဖြစ်နေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ခွင့်မသာချေ။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ သောင်ပြိုကမ်းပြို နိုင်ခြင်းက ပြည်သူတို့၏ သမ္မတဖြစ်စေချင်သည့် ရွေးချယ်မှုကို ထင်ထင်ရှားရှား ပြသနေသည်။ NLD အနေဖြင့် ယင်းပြဿနာကို ကျော်လွှားနိုင်ရေး ဥပဒေ ဆိုင်းငံ့မှုအတွက် ထင်ကြေးများ ထွက်ပေါ်နေပြီး စစ်တပ်က လက်မခံသည့် လက္ခဏာများလည်း ပြသလျက်ရှိနေသည်။

NLD ၏ နိုင်ငံရေး ကစားကွက်က ယခုအထိ လူမြင်သူမြင် ထွက်ပေါ်လာသေးခြင်း မရှိပေမယ့် သမ္မတအမည်စာရင်း သွင်းမှုကို မတ်လလယ်အထိ ရွှေ့ဆိုင်းခြင်းက အခြေအနေများ၏ နောက်ကွယ်တွင် ဆွေးနွေးမှုများ ပြုလုပ်နေခြင်းကို ညွှန်ပြနေခြင်းပဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ခြေအတွက် နှစ်ဖက်စလုံးက အပေးအယူမမျှခဲ့လျှင် ဖွဲ့စည်းပုံ အကျပ်အတည်းက အရှိန်မြင့် လာမည်သာဖြစ်သည်။ ယင်းပြဿာနာမှာ NLD ၏ လုပ်သင့်လုပ်ထိုက်သည့် အရာများဟု ယုံကြည်မှုနှင့် လက်ရှိရထားသည့်အခွင့်အရေးကြား ထိပ်တိုက်တွေ့ရမည့် ပြဿနာ တစ်ရပ်ပဲဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း NLD အနေဖြင့် ယခင်အစိုးရ၏ မပြီးမပြတ်သော အမွေကို ဆက်ခံ ရပါဦးမည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က အတိမ်းအစောင်းမခံသည့် လမ်းဆုံလမ်းခွတွင် ရောက်နေသည်။ ဗုဒ္ဓဘာသာနှင့် မူဆလင်များကြားက တင်းမာမှုများကို အစိုးရတစ်ရပ်၏ ဖြေရှင်းမှုပေးနိုင်ရေးလည်း လိုအပ်နေဆဲဖြစ်သည်။ အငြင်းပွားရသည့် မြစ်ဆုံစီမံကိန်းကလည်း NLD ၏ တရုတ်မူဝါဒကို စမ်းသပ် လာနေသည်။ တရားဥပဒေစီရင်မှုများတွင်လည်း ပြည်သူ့ယုံကြည်မှု ကင်းမဲ့ခြင်းများ ရှိသည်။ လူတိုင်းက ဥပဒေစိုးမိုးရေး တွင်တွင်ပြောနေသော်လည်း ယင်းက မည်သည့် အဓိပ္ပာယ် ဆောင်မှန်းပင် နားလည်သဘောပေါက်ကြပုံ မရပေ။ ကြီးထွားနေသည့် မညီမျှမှုများနှင့် ပြည်သူတို့၏ နစ်နာမှုများက တစ်ပူပေါ် နှစ်ပူဆင့်သည့် ရင်ဆိုင်ရမည့် ပြဿနာများဖြစ်သည်။ စိန်ခေါ်မှုများ၏ သက်ရောက်မှုကို NLD ၏ စီမံခန့်ခွဲမှုက မြန်မာ့ အသွင်ကူးပြောင်းမှု၏ နောက်ထပ်ခြေလှမ်းများပင်ဖြစ်ပါသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် စစ်တပ်ထောက်ခံသည့် ပြည်ခိုင်ဖြိုးပါတီ အလဲလဲအကွဲကွဲ ရှုံးသွားပြီးနောက် NLD အတွက် ရင်ဆိုင်ရမည့် အုပ်စုအဖြစ် စစ်တပ်သာ ထီးထီး ရှိနေတော့သည်။ ပြန်လည်အရွေးခံရရန် အပြင်းအထန် ကြိုးစားခဲ့ရသည့် ပြည်ခိုင်ဖြိုး ပါတီကဲ့သို့ မဟုတ်ဘဲ စစ်တပ်ကမူ ဖွဲ့စည်းပုံအရ အထူးအာဏာနှင့် လုပ်ပိုင်ခွင့်များ လက်ဝယ် ကိုင်ထားရုံမက မည်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးမဆို ပယ်ချနိုင်သည်။ စစ်တပ်က တိုင်းပြည် တည်ငြိမ်ရေးအတွက် နိုင်ငံရေးတွင် ဆက်လက် ပါဝင်ရမည်ဟု ဖော်ပြပြီးဖြစ်သည်။ ထိုကြောင့် စစ်တပ်နှင့် ဆက်ဆံရေးက လာမည့် NLD အစိုးရအတွက် သေရေးရှင်ရေးပင် ဖြစ်တော့သည်။

NLD ၏ အန္တိမစိန်ခေါ်မှုက ဒီမိုကရေစီသို့ သွားရာခိုင်မာသည့် လမ်းကြောင်းသို့ မြန်မာနိုင်ငံကို တွန်းတင်ခြင်းပင်ဖြစ်သည်။ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်ခြင်းနှင့် ဖြစ်တည်နေဆဲ နိုင်ငံရေး အခြေအနေကြားတွင် မလျှော့မတင်း စောင်းကြိုးညင်းဆိုသကဲ့သို့ ဟန်ချက်ညီညီ ဖော်ဆောင်သွားနိုင်ရေးပင် ဖြစ်သည်။ စစ်တပ်၏ အကျိုးစီးပွားနှင့် စိုးရိမ်မှုများကို လိုက်လျောခြင်းမရှိ နိုင်ငံရေး ပြုပြင် ပြောင်းလဲနိုင်ရေး သက်သက်ကို ကြိုးစားလုပ်ဆောင်ခဲ့မည်ဆိုပါက စစ်တပ်ကို နှိုးဆွပေးလိုက်တာဖြစ်ပြီး ချိန်ခွင်လျှာမျှခြေကိုလည်း ပျက်စီးသွားစေလိမ့်မည်ဖြစ်သည်။

သို့သော်လည်း ရွေးကောက်ခံအာဏာ ခိုင်ခိုင်မာမာ ပေးအပ်ခံရသည့် NLD အနေဖြင့် လက်ရှိ ကျပ်တည်းသည့် ဖွဲ့စည်းပုံအတွင်းမှပင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များအတွက် ဥပဒေပြုရာတွင် စစ်တပ်နှင့် အခြားနိုင်ငံရေး အင်အားစုများနှင့်ပါ အတူလက်တွဲ လုပ်ကိုင်နိုင်မည့် အခြားကဏ္ဍ နယ်ပယ်များစွာ ရှိနေသေးသည်ကို မမေ့သင့်ပေ။ ထိုသို့ မျှခြေထိန်း လုပ်ကိုင်သွားမည် ဆိုလျှင်လည်း အများစု မျှော်လင့်ထားသည့် အားကောင်း မောင်းသန် ပြုပြင်ပြောင်းလဲမှုများကို ခြေလှမ်းနိုင်ခြင်း မရှိသဖြင့် ဝေဖန်မှုများလည်း ခံလာရဖွယ်ရှိပါသည်။

သို့သော်လည်း မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုက အီလေးဆွဲ နှေးဖင့်နေခြင်းကြောင့် စစ်တပ်၏ ပြုပြင်ပြောင်းလဲမှုတွင် ထောက်ခံပေးမှုက အရေးကြီးဆုံး လိုအပ်ချက်ပဲ ဖြစ်တော့သည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် စစ်တပ်နှင့် လက်တွဲမှုအား ထိန်းသိမ်းထားခြင်းဖြင့် အမျိုးသားနိုင်ငံရေးတွင် ပါဝင်ထားသည့် ကိုယ်ပိုင် အခန်းကဏ္ဍကို စစ်တပ်အနေဖြင့် တဖြည်းဖြည်း ပြောင်းလဲလာလိမ့်မည်ပဲ ဖြစ်သည်။

(ဤဆောင်းပါးသည် http://www.economywatch.com/ တွင်ပါရှိသည့် Myanmar's NLD Needs to Up its Game ကို ဆီလျော်အောင် ဘာသာပြန်ဆိုခြင်းဖြစ်ပြီး မဇ္ဈိမ၏ အာဘော် မဟုတ်ပါ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags