RCSS/SSA ကုုိ တုုိက်ပွဲဖြစ်သည့်နေရာမှ ဆုုတ်ခွာပေးရန် UPWC ညှိနှိုင်း

RCSS/SSA ကုုိ တုုိက်ပွဲဖြစ်သည့်နေရာမှ ဆုုတ်ခွာပေးရန် UPWC ညှိနှိုင်း

ချင်းမိုင်၊ဖေဖော်ဝါရီ ၂၅ ။               ။ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားနေသည့် နေရာမှ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရှမ်းပြည် တပ်မတော်(RCSS/SSA) က ယခုရက်ပိုင်းအတွင်း ဆုတ်ခွာပေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ညှိနှိုင်းခဲ့သည်ဟု သိရသည်။

လက်ရှိ RCSS/SSAနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ တိုက်ပွဲ ဖြစ်ပွားနေမှုနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ရက်များတွင် UPWC နှင့် RCSS/SSA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်အား အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦးတို့ တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“RCSSလည်း NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်တယ်။ တပ်က ဝင်လာလို့ရှိရင် မတော်တဆများ RCSSနဲ့ ထိတွေ့မှုတွေ ဖြစ်လာ လို့ ရှိရင် NCA လက်မှတ်ထိုးထားတဲ့ လူအချင်းချင်း တိုက်ဖြစ်တယ် ဆိုတာမျိုး မဖြစ်စေလိုတဲ့ အတွက် ကြောင့် RCSSကို (conflict) ပဋိပက္ခ မဖြစ်အောင် တပ်တွေကို အဲဒီနေရာကနေ ထွက်ပေးပါ၊  JMC တပ်နေရာချ ထားရေးမှာ သူတို့ RCSSက တောင်ပိုင်း တပ်တွေလေ။ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေမှာ သူတို့ကို နေရာပေးထားတာ ရှိတယ်။ အဲဒီ နေရာမှာဘဲ ရှိနေဖို့၊ conflictဖြစ်တဲ့နေရာ မပါဘူး။ မပါတော့ အဲဒီကနေ ထွက်ပေးပြီးတော့ သူတို့ကို သတ်မှတ်ထားတဲ့နေရာကို ပြန်ဆုတ်ပေးပါ။ အဲဒီလို ဦးယွက်ဆစ်ကို လာပြီးတော့ ညှိတာပေါ့”ဟု ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက သတင်းထောက်များကို ဖေဖော်ဝါရီ  ၂၄ ရက်က ပြောဆိုခဲ့သည်။

အစိုးရ စစ်တပ်က ဝင်ရောက်လာပါက ပဋိပက္ခ ပိုမိုကြီးလာမည်ကို စိုးရိမ်သဖြင့် RCSS ကို တိုက်တွန်းရခြင်း ဖြစ်ပြီး RCSS ဥက္ကဌ ဒုဗိုလ်ချုပ် ယွက်ဆစ်က TNLA နှင့် တွေ့ဆုံညှိနှိုင်းကာ တပ်များအား ဆုတ်ပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းရှင်းပြသည်။

“ထွက်သွားတဲ့နေရာက ရှမ်းရွာတွေမှာ TNLA က ဒုက္ခပေးမှာ စိုးပါတယ်။ ကျွန်တော်တို့ကတော့ ခင်ဗျားတို့ ထွက်သွားရင် ကျွန်တော်တို့ စောင့်ရှောက်မယ်လို့ပြောတော့။ တပ်မတော်က နယ်မြေမကျွမ်း ဘူး။ TNLA အကြောင်း မသိဘူး။ သူတို့ ပြဿနာကို တိုက်ပွဲနဲ့မရှင်းဘူး။ အခြားနည်းနဲ့ ရှင်းမယ်။ ပြေလည်သွားတဲ့အခါမှာ ရှင်းမယ်”ဟု RCSS ဥက္ကဌ ဒုဗိုလ်ချုပ် ယွပ်ဆစ်က ပြောကြောင်း ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး က ပြောသည်။

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက RCSS ဥက္ကဌထံသို့ သဘောတူသတ်မှတ်ပေးထားသည့် နေရာသို့ ပြန်လည် ထွက်ခွာစေရန်နှင့် အာစီ အဖွဲ့ နယ်မြေကျော်လွန်ဝင်ရောက်ခဲ့မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်းကြားစာ ပေးပို့ခဲ့ပြီး RCSSဘက်မှလည်း သတ်မှတ်နေရာသို့ ပြန်လည် ထွက်ခွာသွားမည် မဟုတ်ကြောင်း အကြောင်းပြန်ကြားခဲ့သည့် အပြင် လက်နက် အင်အားများ ပိုမိုဖြည့်တင်း ဝင်ရောက်လာသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နယ်မြေခံတပ်များဖြင့် အဆိုပါ နယ်မြေများ အတွင်းရောက်ရှိ လှုပ်ရှားလျက်ရှိသော လက်နက်ကိုင် အဖွဲ့အစည်းများကို ရှင်းလင်းလျက် ရှိကြောင်း ဖေဖော်ဝါရီ ၂၄ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ ကျောက်မဲမြို့နယ်များအတွင်း RCSS/SSA (ရွက်ဆစ်)အဖွဲ့နှင့် TNLA လက်နက်ကိုင် အဖွဲ့များသည် ၂၀၁၅ ခုနှစ် စက်တင်ဘာ  ၂၅ ရက်မှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်အထိ တိုက်ပွဲအကြိမ် ၂၀ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် စုစုပေါင်း ၃၆၅၇ ဦးသည် ကျောက်မဲမြို့ပေါ်နှင့် မိုးမိတ်၊ နမ့်ခမ်းမြို့နယ်များရှိ ကျေးရွာများသို့ တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်ကလည်း NCA လက်မှတ်မရေးထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုတွင် တိုင်းရင်းသား အဖွဲ့အစည်းများ အနေဖြင့် ငြိမ်းချမ်းရေးရရှိလိုသော ဆန္ဒရှိကြကြောင်း ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

လက်ရှိ ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့် ပတ်သက်၍  RCSS အနေဖြင့် NCA ချိူးဖောက်ခြင်း မဟုတ်သလို၊ NCA ကြောင့် တပ်မတော်နှင့် ပူးပေါင်း တိုက်ခိုက်နေခြင်းလည်း မဟုတ်ကြောင်းနှင့် TNLA နှင့်အတူ NCA  လက်မှတ်ရေးု ထိုးနိုင်ရေးနှင့် နိုင်ငံရေးအတူတကွ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ဖေဖော်ဝါရီလ ၂၃ ရက်တွင်RCSS မှ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးစိုင်မိဏ်းက သတင်းထောက်များကို ပြောသည်။

RCSS နှင့် TNLA တိုက်ပွဲ ဖြစ်ပွားနေ ရပ်ဆိုင်းရန်အတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ကြားဝင် ညှိနှိုင်းပေးရန် အဖွဲ့တစ်ဖွဲ့ကို ဖေဖော်ဝါရီ ၂၂ ရက်က ဖွဲ့စည်းထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly