ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် အရေးယူဆောင်ရွက်ရေး ဒေသခံများ တောင်းဆို

ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် အရေးယူဆောင်ရွက်ရေး ဒေသခံများ တောင်းဆို

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်တွင် အကြမ်းဖက်မှုနှင့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှု မြင့်တက်နေခြင်းအပေါ် ဒေသခံပြည်သူ ရာနှင့်ချီတို့က ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စစ်သွေးကြွမှုကြောင့် ထိခိုက်ခံစားရမှုများ ရှိနေစဉ် ရဲတပ်ဖွဲ့အနေဖြင့် စစ်သွေးကြွများအပေါ် ကိုင်တွယ် အရေးယူသွားရေး ပြည်နယ်တောင်ပိုင်းနှင့် အလယ်ပိုင်းမြို့များမှ ဒေသခံပြည်သူ အများအပြားက တောင်းဆိုခဲ့ကြကြောင်း Dawn သတင်းစာက ဖော်ပြသည်။
 
ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်က ဆွက်ဒေသခံပြည်သူများသည် လူထုစည်းဝေးပွဲတစ်ခုကို ပြုလုပ်ခဲ့ကြပြီး စစ်သွေးကြွများအပေါ် အရေးယူနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို တောင်းဆိုခဲ့ကြသည်။ ထို့ပြင် ၎င်းတို့အနေဖြင့် မြက်ခင်းပြင်တွင် ထိုင်သပိတ်ပြုလုပ်သွားမည် ဖြစ်ပြီး စစ်သွေးကြွ နှိမ်နင်းမှု စစ်ဆင်ရေးကို အာဏာပိုင်တို့ လက်တွေ့ မဖော်မဆောင်မချင်း ထိုနေရာမှ ထွက်ခွာပေးမည် မဟုတ်ကြောင်း ၎င်းတို့က သတိပေးခဲ့သည်။
 
ဆန္ဒပြသူများသည် သောကြာနေ့ ဝတ်ပြုဆုတောင်းမှုအပြီး ကာဘဲလ် ချော့ခ် အရပ်တွင် စုဝေးခဲ့ကြပြီး ဆိုင်းပုဒ်များ၊ စာတန်းများ ကိုင်ဆောင်ရင်း ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသည်။

 ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်က ချာဘာ့ဂ် နယ်မြေတွင် ကျေးရွာ ကာကွယ်ရေး ကော်မတီဝင်ဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်တွင်  အမျိုးသားတစ်ဦးကို အမှုဖွင့်ထားသည်။

 ဆွက်ဒေသခံများ ပြုလုပ်သော စုဝေးပွဲတွင် ဂျမတ် အူလီမာ-အီ-အစ္စလမ် (JUI-F) ပါတီ၊ ပက်ရှ်တွန်ခဝါ မီလီ အဝါမီ ပါတီ (PkMAP) ၊ ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ် (PTI) နှင့် အဝါမီ အမျိုးသားရေးပါတီ (ANP) တို့အပါအဝင် နိုင်ငံရေးပါတီ အသီးသီးမှ ခေါင်းဆောင်များနှင့် အကြီးအကဲများက မိန့်ခွန်းပြောခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required