အမေရိကန်က ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ မမှန်မကန် အန္တရာယ်များသည့်အချက်များကို ထုတ်ပြန်နေကြောင်း   တရုတ်ပြော

By Straits Times
24 September 2022
အမေရိကန်က ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ မမှန်မကန် အန္တရာယ်များသည့်အချက်များကို ထုတ်ပြန်နေကြောင်း   တရုတ်ပြော

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က ထိုင်ဝမ်နှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းမှုသည် အလွန်အရေးကြီးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို စက်တင်ဘာ ၂၃ ရက်က ပြောဆိုပြီးနောက် တရုတ်က အမေရိကန်သည် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ အလွန်မှားယွင်းပြီးအန္တရာယ်ရှိသော အချက်ပြမှုများ ထုတ်လွှင့်နေသည်ဟု တုံ့ပြန်လိုက်သည်။ 

ဘလင်ကန်နှင့်ဝမ်ယိတို့သည် နယူးယောက်မြို့၌ ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိနစ် ၉၀ ကြာ ပွင့်ပွင့်လင်းလင်းဆွေးနွေးမှုအတွင်း ထိုင်ဝမ်ရေးကို အဓိကထားခဲ့ကြသည်။ 

“ကာလရှည်ကြာရပ်တည်ခဲ့သော တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့်အညီ  ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်ရေးထိန်းသိမ်းမှုသည် အလွန်အရေးကြီးကြောင်း အမေရိကန်က ပြတ်ပြတ်သားသား ပြောကြား ခဲ့သည်ဟု အမေရိကန်အစိုးရအဖွဲ့မှ ထိပ်တန်းအရာရှိတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အမေရိကန်သည် ထိုင်ဝမ်နှင့်ပတ်သတ်၍ အလွန်မှားယွင်းပြီး အန္တရာယ်ရှိသော အချက်ပြမှုများကို ထုတ်လွှင့်နေကြာင်းနှင့် ထိုင်ဝမ်လွတ်လပ်ရေးလှုပ်ရှားမှု ပိုမိုပြင်းထန်လာလေ ငြိမ်းချမ်းသော ပြေလည်မှုရရှိရန် အလားအလာ နည်းလာလေ ဖြစ်သည်ဟု အစည်းအဝေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ထိုင်ဝမ်ပြဿနာသည် တရုတ်၏ ပြည်တွင်းရေးကိစ္စဖြစ်ပြီး ဖြေရှင်းမယ့်နည်းလမ်းမှာ အမေရိကန်အနေနဲ့ ဝင်ရောက်စွက်ဖက်ခွင့်မရှိပါဘူး” ဟု ဝမ်ယိက ပြောသည်။

ဩဂုတ်လက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ  နန်စီပလိုစီက ထိုင်ဝမ်သို့ လာရောက်လည်ပတ် ပြီးနောက်ပိုင်း တရုတ်က အကြီးစားစစ်ရေးလေ့ကျင့်မှုများလုပ်ဆောင်ခဲ့ပြီးနောက် ထိုင်ဝမ်အရေးတင်းမာမှုများ မြင့်တက်လာသလို သမ္မတဂျိုးဘိုင်ဒန်ကလည်း ဒီမိုကရေစီနည်းကျအုပ်ချုပ်သည့် ထိုင်ဝမ်ကို ကာကွယ်သွားမည်ဖြစ်ကြောင်းကတိပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required