ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား 

ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စက်တင်ဘာ ၂၃ ရက်က တွေ့ဆုံခဲ့ရာတွင်  ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရေး အတွက် အလေးပေးပြောကြားခဲ့သည်။

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးသို့ တက်ရောက်ရန် နယူးယောက်မြို့၌ ရောက်ရှိနေသော ဘလင်ကန်က ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်းသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် သာယာဝပြောရေးတို့အတွက် အရေးကြီး ကြောင်း အလေးထားပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

တစ်နာရီကြာ တွေ့ဆုံမှုတွင် ဘလင်ကန်က ရေရှည်တည်တံ့ခိုင်မြဲသော တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့်အညီ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အမေရိကန်က ကတိပြု ထားကြောင်း  အလေးပေးပြောကြားခဲ့သည်။

“ဘလင်ကန်သည် ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်စစ်ကို ပြစ်တင်ရှုတ်ချကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး တရုတ်သည် အချုပ်အခြာအာဏာပိုင်နိုင်ငံကို ကျူးကျော်သော ရုရှားကို ပံ့ပိုးပေးမည်ဆိုပါက ဖြစ်လာမည့် ဂယက် ရိုက်မှုများကိုလည်း ထောက်ပြပြောဆိုခဲ့သလို အမေရိကန်၏ အကျိုးစီးပွားရှိရာနေရာများတွင် တရုတ်နှင့် ပူးပေါင်း ဆောင်ရွက်ရန် လမ်းဖွင့်ထားကြောင်းလည်း အလေးပေးပြောကြားခဲ့သည် " ဟု နက်ရိုက်စ်က ပြောသည်။

 အစောပိုင်းက အမေရိကန်သည် တရုတ်-ထိုင်ဝမ်ဆက်ဆံရေးနှင့်ပတ်သက်ပြီး ၎င်းတို့ သဘောထားများကို အကြိမ်ကြိမ်ပြောခဲ့သည်။ စက်တင်ဘာ ၁၉ ရက်က အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှင့်ပြုလုပ်သည့် CBS ၏ မိနစ် ၆၀ ကြာ တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဘိုင်ဒန်က အမေရိကန်တပ်ဖွဲ့များသည် တရုတ်ကျူးကျော်မှုမှ ထိုင်ဝမ်ကို ကာကွယ်သွားမည်ဟု ပြောသည်။
 
တရုတ်ကျူးကျော်မှုဖြစ်ခဲ့ပါက ထိုင်ဝမ်ကိုအကာအကွယ်ပေးရေးနှင့်ပတ်သက်၍  တိုက်ခိုက်မှုဖြစ်လာပါက အမေရိကန်သည် ထိုင်ဝမ်ကို ကာကွယ်သွားမည်ဟု ဘိုင်ဒန်က ဖြေဆိုခဲ့ကြောင်း The Washington Post က ဖော်ပြသည်။

 အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီသည် ထိုင်ဝမ်သို့ လာရောက်လည်ပတ်ပြီးနောက်ပိုင်း တရုတ်နှင့် အမေရိကန် ဆက်ဆံရေးမှာ ယိုယွင်းလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required