“တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းဦးဆောင် အကောင်အထည်ဖော်မယ့် အင်န်အယ်လ်ဒီ အစိုးရနဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက် ပေးကြပါ”

“တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းဦးဆောင် အကောင်အထည်ဖော်မယ့် အင်န်အယ်လ်ဒီ အစိုးရနဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက် ပေးကြပါ”

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဗထူးမြို့က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းမှာ သင်တန်းသား အရာရှိတွေနဲ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။ ဒီ ပြောစကားတွေထဲမှာ သမိုင်းကြောင်းဆိုင်ရာ ကိစ္စတွေ၊ တပ်မတော်ပိုင်းဆိုင်ရာ ကိစ္စတွေအပြင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ပြောဆိုချက်တွေလည်း ပါဝင်ပါတယ်။ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်မှုအကြောင်း ဝေဖန်သုံးသပ်ကြည့်ကြရအောင်ပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခုလို ပြောပါတယ်။ “လက်နက်ကိုင် ပဋိပက္ခများ ရှိနေသည့် မိမိနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ကို တည်တည်ငြိမ်ငြိမ်ဖြင့် သွားနိုင်ရန်အတွက် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အတတ်နိုင်ဆုံး လိုက်လျော လုပ်ဆောင်နေ” ဆိုပြီး ဖြစ်ပါတယ်။ မှန်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်း တက်လာတဲ့ နဝတ၊ နအဖ စစ်အစိုးရ ဟာ ၁၉၈၉ ခုနှစ်ကစ တိုင်းရင်းသား လက်နက်ကိုင် တစ်ချို့နဲ့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ခဲ့ပါ တယ်။

ဒါပေမယ့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှု မလုပ်ခဲ့သလို၊ တစ်ချို့အဖွဲ့တွေနဲ့တော့ အပစ်ရပ်တာမျိုး မလုပ်ခဲ့ပါဘူး။ နောက်ပိုင်း အပစ်ရပ်ထားတဲ့ အဖွဲ့တွေကို နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့ ညွှန်ကြား၊ ဖိအားပေးတဲ့အခါ ပြောင်းတဲ့ အဖွဲ့က ပြောင်း၊ မပြောင်းနိုင်တဲ့ အဖွဲ့က မပြောင်းပဲ တင်းခံနေရင်း တည်ငြိမ်မှုတွေ ပြန် ပျက်ပြားခဲ့ရပြန်ပါတယ်။ တစ်ချို့ အသွင်ပြောင်းတဲ့ အဖွဲ့တွေထဲမှာလည်း သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အဖွဲ့သစ်တွေ ထပ်ပေါ်ပေါက်လာတာပဲ အဖတ်တင်ခဲ့ပါတယ်။ ပြောရရင် အရင် စစ်အစိုးရဟာ ထာဝရ ငြိမ်းချမ်းရေးဆိုတာထားလို့ အဖွဲ့တိုင်းနဲ့ အပစ်ရပ်ပြီး တိုင်းပြည် တည်ငြိမ်အောင်တောင် လုပ်နိုင်ခဲ့တာ မဟုတ်ပါဘူး။

နအဖ စစ်အစိုးရကို အမွေ ဆက်ခံတဲ့ သမ္မတ ဦးသိန်းစိန် နဲ့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်မှာတော့ အဲဒီတုန်းက အမြင်နဲ့ ခြားနားလာတာ တွေ့ရပါတယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် ဖို့ဆိုရင် တည်ငြိမ်မှုရှိဖို့ လိုတယ်၊ တည်ငြိမ်မှု ရှိဖို့ ဆိုရင် ပစ်ခတ် တိုက်ခိုက်မှုတွေ မရှိမှ ဖြစ်မယ်၊ ပြည်တွင်းစစ် ရပ်မှ ဖြစ်မယ် ဆိုတာ တကယ့်ကို နားလည် လက်ခံယုံကြည်လာပုံ ရပါ တယ်။ ဒါတင်မက တိုင်းရင်းသားတွေ တလျောက်လုံး ပြောဆိုလာတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေး ဆိုတာကိုလည်း လက်ခံလာပြီး နိုင်ငံရေး ပြသနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှ ဖြစ်မယ် ဆိုတာကိုလည်း သဘောပေါက်လာကြပုံ ရပါတယ်။ အဲလို နားလည် လက်ခံလာကြလို့လည်း တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပရေး၊ နိုင်ငံရေး ဆွေးနွေးပွဲတွေကနေ ရလာတဲ့ ရလာဒ်တွေကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင်ပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်း သွားရေးဆိုတဲ့ မှန်ကန်တဲ့ မူချမှတ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပလာတာ ကိုလည်း တွေ့ရပါတယ်။

ကံအကြောင်းမလှစွာပဲ၊ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် ရေး ကိစ္စကို အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ခုချိန်မှာ ပြည်သူတွေက မဲပေးရွေးချယ်လိုက်တဲ့ အင်န်အယ်လ်ဒီ လွှတ်တော်တွေ ပေါ်ပေါက်နေပြီး မကြာမီ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ ပေါ်ပေါက်လာပါတော့မယ်။ အင်န်အယ်လ်ဒီ အစိုးရ ပေါ်ပေါက်လာတဲ့အခါ အဲဒီ အစိုးရဟာ တစ်တိုင်းပြည်လုံး အပစ်ရပ်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲတွေကနေ တဆင့် အဖြေရှာရေး ဆိုတဲ့ လုပ်ငန်းစဉ်တွေကို ဆက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရပါဦးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ အခြေအနေမှာ တပ်မတော်ဟာ ဆက်ပြီး အရေးပါနေပါဦးမယ်။

အင်န်အယ်လ်ဒီ အစိုးရ တက်လာတဲ့အခါ မြင်ကြရမယ့် အခင်းအကျင်းမှာ သီးခြား ရပ်တည် နေတဲ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့ ပဋိပက္ခမှာ ပြည်သူ့ ကိုယ်စား အင်န်အယ်လ်ဒီ အစိုးရက ကြားဝင် စေ့စပ်ဖြန်ဖြေ ရတဲ့ အနေအထား ရောက်သွားပါလိမ့် မယ်။ ဒီအခါ တပ်မတော်အနေနဲ့ အင်န်အယ်လ်ဒီ အစိုးရကို အပြည့်အဝ အကူအညီပေးဖို့ လိုအပ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ ငါးနှစ်တာ သက်တန်းကိုကြည့်ရင် နိုင်ငံမှာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဆိုတဲ့ သေနတ်သံတွေ ရပ်ဆိုင်းသွားတဲ့ အခြေအနေမျိုး ရရှိဖို့အတွက် သမ္မတ ဦးသိန်းစိန်၊ ဝန်ကြီး ဦးအောင်မင်း တို့ ကြိုးစားအားထုတ်တာကို တပ်မတော်ဘက်က အပြည့်အဝ အကူအညီ ပေးတာ တွေ့မြင်နိုင်ပါတယ်။ သမိုင်းတစ်လျောက် မရှိခဲ့ဖူးတဲ့ သီးခံ စိတ်ရှည်မှုတွေ ပြသခဲ့ သလို၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အတတ်နိုင်ဆုံး လိုက်လျော လုပ်ဆောင်နေတာ ကိုလည်း တွေ့ကြရမှာဖြစ်ပါတယ်။ အခု အင်န်အယ်လ်ဒီ အစိုးရ တက်လာပြီး ငြိမ်းချမ်းရေး လုပ်ငန်းကို ဦးဆောင် အကောင်အထည် ဖော်တဲ့အခါမှာလည်း ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်ဘက်ကနေ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်ကလို အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ပြည်တွင်းစစ် ရပ်စဲပြီး ငြိမ်းချမ်းရေး ပန်းတိုင် နီးလာမှာပါ။

အလားတူ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့ တစ်ချို့ဘက်ကလည်း သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည် ဖော်စဉ်ကာလ က စစ်ဗိုလ်ချုပ်တွေကိုပဲ အသွင်ပြောင်းထားတဲ့ အစိုးရကို မကြိုက်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ကဏ္ဍကောစ လုပ်တာ၊ စိတ်မပါ လက်မပါ လုပ်တာမျိုး ရှိခဲ့ပါတယ်။ အခု သိပ်မကြာခင် အင်န်အယ်လ် ဒီ အစိုးရအဖွဲ့သစ် တက်လာပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင် အကောင်အထည် ဖော်ရပါ တော့မယ်။ ဒီအခါ အင်န်အယ်လ်ဒီ အစိုးရနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက် မှသာ တစ်တိုင်းတစ်ပြည်လုံးက တိုင်းရင်းသားပြည်သူတွေ လိုလား တောင့်တ နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly