အာဖဂန် ပြည်နယ်အချို့တွင် တာလီဘန်တို့က နေအိမ်များကို စစ်ဆေးရှာဖွေသဖြင့် ဒေသခံများ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေရ

အာဖဂန် ပြည်နယ်အချို့တွင် တာလီဘန်တို့က နေအိမ်များကို စစ်ဆေးရှာဖွေသဖြင့် ဒေသခံများ နေရပ်စွန့်ခွာ ပြောင်းရွှေ့နေရ

အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းပြည်နယ်များဖြစ်သော ကန်ဒါဟာနှင့် ပါဝမ်တို့တွင် တရားမဝင် လက်နက်များ ရှာဖွေရန်ဟု အကြောင်းပြပြီး တာလီဘန်တို့က ညအချိန် တစ်အိမ်တက်ဆင်း စစ်ဆေးရှာဖွေမှုများ စတင်လုပ်ဆောင်နေသည့်အတွက် ဒေသခံများအကြား စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေပြီး လူအများအပြား နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ ပြောင်းရွှေ့မှုများ ရှိခဲ့သည်။

 အာဖဂန်တွင် တာလီဘန်တို့ တစ်အိမ်တက်ဆင်း စစ်ဆေးရှာဖွေမှုများ လုပ်ခြင်းက ပုံမှန်ကဲ့သို့ ဖြစ်လာစဉ် ပါဝမ်ပြည်နယ် ဆယ်လန်းခရိုင် ကိုလာမီ ကျေးရွာမှ ရွာသားများသည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရန် စဉ်းစားနေရသည့် အကြောင်းမှာ  တာလီဘန်တို့၏ ညအချိန် ရှာဖွေမှုများကို ထိတ်လန့်စိုးရိမ်နေ၍ ဖြစ်ကြောင်း Khaama Press မီဒီယာက ဖော်ပြသည်။

 အာဖဂန်နစ္စတန်တွင် ယမန်နှစ် ဩဂုတ်လ ၁၅ ရက်က အမေရိကန်တပ်ဖွဲ့များ ပြန်လည်ထွက်ခွာသွားပြီး တာလီဘန်တို့ အာဏာပြန်ရပြီးနောက်တွင် တာလီဘန်အစိုးရ အာဏာပိုင်တို့သည် နိုင်ငံ၏ နေရာဒေသ အသီးသီးတွင် တစ်အိမ်တက်ဆင်း စစ်ဆေးရှာဖွေမှုများကို လုပ်ဆောင်ခဲ့သည်။

“တာလီဘန်တွေဟာ ဒီလို လုပ်ဆောင်ချက်တွေကို သူတို့ဘာသာပဲ လုပ်နေတာ မဟုတ်ပါဘူး။ ရပ်ကွက် လူကြီးတွေနဲ့ ဘာသာရေး ပညာရှင်တွေကလည်း သူတို့နဲ့အတူ ပူးပေါင်းပါဝင်လုပ်ဆောင်နေတာပါ” ဟု ကန်ဒါဟာ ရဲတပ်ဖွဲ့အကြီးအကဲက တာလီဘန်တို့၏ စီးနင်းရှာဖွေမှုများနှင့် ပတ်သက်ပြီး ပြောကြောင်း Khaama Press က ဖော်ပြသည်။
 
ထို့ပြင် ယခုကဲ့သို့ တစ်အိမ်တက်ဆင်း စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်က တရားမဝင် သို့မဟုတ် နိုင်ငံပိုင် လက်နက်များကို ရှာဖွေသိမ်းဆည်းနိုင်ရန် ဖြစ်ကြောင်း တာလီဘန် အရာရှိများက ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly