အာဖဂန်တွင် TikTok နှင့် PUBG ကို ၃ လ အတွင်း တာလီဘန်တို့ ပိတ်ပစ်မည်

အာဖဂန်တွင် TikTok နှင့် PUBG ကို ၃ လ အတွင်း တာလီဘန်တို့ ပိတ်ပစ်မည်

အာဖဂန်နစ္စတန်နိုင်ငံတွင် TikTok နှင့် PUBG အက်ပလီကေးရှင်းများကို လာမည့် ၃ လအတွင်း တာလီဘန်တို့ ပိတ်သွားတော့မည် ဖြစ်ကြောင်း တာလီဘန် ဦးဆောင်သည့် ဆက်သွယ်ပြန်ကြားရေးဌာန၏ ကြေညာချက်တစ်ရပ်ကို ကိုးကားပြီး မီဒီယာသတင်းများက ဖော်ပြသည်။

လုံခြုံရေးကဏ္ဍမှ ကိုယ်စားလှယ်များနှင့် ရှာရီယာဥပဒေ အာဏာတည်စေရေး စီမံခန့်ခွဲမှုအဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးတို့ ပါဝင်သည့် အစည်းအဝေးတစ်ခုတွင် တာလီဘန်တို့က ထိုပိတ်ပင်ချက်ကို ကြေညာခဲ့ခြင်း ဖြစ်ကြောင်းနှင့် အာဖဂန်တွင် TikTok နှင့် PUBG အက်ပလီကေးရှင်း နှစ်ခုစလုံးကို ရက် ၉၀ အတွင်း ပိတ်ရန် ထိုအစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း Khaama Press မီဒီယာက ဖော်ပြသည်။

TikTok နှင့် PUBG အက်ပလီကေးရှင်းတို့အနက် တစ်ခုကို ၁လအတွင်း၊ နောက်တစ်ခုကို လာမည့် ရက် ၉၀ အတွင်း ပိတ်သွားရန် ဆုံးဖြတ်ချက် ထွက်ရှိခဲ့ကြောင်း အဆိုပါ မီဒီယာက ဖော်ပြသည်။

အာဖဂန်နစ္စတန်၏ တယ်လီကွန်မြူနစ်ကေးရှင်းနှင့် အင်တာနက်ဝန်ဆောင်မှု ထောက်ပံ့ရေးလုပ်ငန်းများသည် ထိုပိတ်ပင်ချက်နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်ကို ဝေမျှထားသလို သတ်မှတ်အချိန်ကာလအတွင်း ဂိုက်လိုင်းစည်းမျဉ်းများကို လိုက်နာရန် ညွှန်ကြားခံထားရသည်။

နိုင်ငံတွင် တာလီဘန်တို့ ထိန်းချုပ်အာဏာရပြီးနောက် အကျင့်ပျက်သော content (အကြောင်းအရာ) များ ပြသမှုအတွက် ဝက်ဘ်ဆိုက်၂၃ သန်းကျော်ကို တာလီဘန် ဦးဆောင်သည့် အာဖဂန်ကြားဖြတ်အစိုးရက ပိတ်ခဲ့ကြောင်း တာလီဘန်အစိုးရ ဆက်သွယ်ရေးဝန်ကြီး နာဂျီဘူလာ ဟက်ကာနီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required