ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် ရေကြီးမှုနောက်ပိုင်း ကူးစက်ရောဂါများ ပျံ့ပွားမှုကို မထိန်းချုပ်နိုင်ဘဲ ဖြစ်နေ

ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် ရေကြီးမှုနောက်ပိုင်း ကူးစက်ရောဂါများ ပျံ့ပွားမှုကို မထိန်းချုပ်နိုင်ဘဲ ဖြစ်နေ

ပါကစ္စတန်နိုင်ငံတစ်ဝန်း ထူးကဲသော ရေလွှမ်းမိုးမှုများကြောင့်  ကူးစက်ရောဂါများ ပျံ့နှံ့စေခဲ့ကာ ပြည်သူများ၏ ကျန်းမာရေးအပေါ် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်။
 
ဆင်းဒ်ပြည်နယ်၏ ရေဘေးသင့် ဧရိယာများတွင် ကူးစက်ရောဂါများ ဖြစ်ပွားမှုက အန္တရာယ်ရှိသော အဆင့် တစ်ခုကို ရောက်ရှိနေခဲ့ကြောင်း Geo News မီဒီယာက ဖော်ပြသည်။

ရေကြီးမှုများကြောင့် ပါကစ္စတန်နိုင်ငံတစ်ဝန်း လူပေါင်း ၁၅၀၀ ကျော် အသက်ဆုံးရှုံးခဲ့သလို စီးပွားရေးအရ ခန့်မှန်းဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံကျော်အထိ ရှိနေသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဆင်းဒ်ပြည်နယ်တစ်ဝန်း ပန်းနာ၊ အသက်ရှုလမ်းကြောင်းနှင့် ရင်ဘတ်ဆိုင်ရာ ကူးစက်မှု ဖြစ်စဉ်ပေါင်း ၁၂၀၀၀ ခန့် ရှိခဲ့ကြောင်း Geo News မီဒီယာက ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကားဖော်ပြသည်။  လူပေါင်း ၂၀၀၀၀ ခန့်သည် အရေပြားရောဂါ ကူးစက်ခံခဲ့ရသည်ကို တွေ့ရှိခဲ့ရသလို လူပေါင်း ၁၈၀၀၀ နီးပါးခန့်လည်း ဝမ်းလျှောမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြသည်။

ရေဘေးသင့် ဧရိယာများတွင် လူပေါင်း ၂ ဒသမ ၅ သန်းကျော်သည် ကူးစက်ရောဂါများ ဖြစ်ပွားခဲ့ကြောင်း ကျန်းမာရေးဌာန၏ အချက်အလက်များက ပြသနေသည်။

ပါကစ္စတန်နိုင်ငံတွင် မကြုံစဖူး ရေကြီးမှုများ ဖြစ်ပေါ်ပြီးနောက် “ဒုတိယမြောက် ဘေးဒုက္ခဆိုး သို့မဟုတ် ကူးစက်ရောဂါများနှင့် လူသေဆုံးမှုများဆိုင်ရာ လှိုင်းတစ်လှိုင်း” ပေါ်ပေါက်နိုင်သည့် အလားအလာအပေါ် အလွန်တရာ စိုးရိမ်ပူပန်မိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မကြာသေးခင်က ထုတ်ပြန်ချက် တစ်ရပ်တွင် ပြောကြားခဲ့သည်။ 

ပါကစ္စတန်တွင် ရာသီဥတု ပြောင်းလဲမှုကြောင့် ထူးကဲသော ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ၏ သုံးပုံတစ်ပုံခန့် ရေလွှမ်းခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly