ပါကစ္စတန်တွင် ရေကြီးမှု ဖြစ်ပြီးနောက် ဒုတိယမြောက် ဘေးဒုက္ခဆိုး ကြုံရနိုင်ဟု WHO သတိပေး

ပါကစ္စတန်တွင် ရေကြီးမှု ဖြစ်ပြီးနောက် ဒုတိယမြောက် ဘေးဒုက္ခဆိုး ကြုံရနိုင်ဟု WHO သတိပေး

ပါကစ္စတန်နိုင်ငံတွင် မကြုံစဖူး ရေကြီးမှုများ ဖြစ်ပေါ်ပြီးနောက် “ဒုတိယမြောက် ဘေးဒုက္ခဆိုး သို့မဟုတ် ကူးစက်ရောဂါများနှင့် လူသေဆုံးမှုများဆိုင်ရာ လှိုင်းတစ်လှိုင်း” ပေါ်ပေါက်နိုင်သည့် အလားအလာအပေါ် အလွန်တရာ စိုးရိမ်ပူပန်မိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ဖော်လိုက်သည်။ 

ပါကစ္စတန်တွင် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သည့် မကြုံစဖူးသော ရေကြီးရေလျှံမှုများကြောင့် လူ့အသက်ပေါင်း ၁၅၀၀ ကျော်ကို ဆုံးရှုံးစေခဲ့ပြီး နိုင်ငံ၏ သုံးပုံတစ်ပုံခန့် ရေလွှမ်းခံခဲ့ရသည်။

 “ပါကစ္စတန်မှာ ဒုတိယမြောက် ဘေးဒုက္ခဆိုးတစ်ခုရဲ့ ဖြစ်နိုင်ခြေ အလားအလာအပေါ် ကျွန်တော် အင်မတန် စိုးရိမ်ပူပန်နေမိပါတယ်။ အဲဒါကတော့ ဒီ ရေဘေးဒုက္ခဆိုးနောက်ပိုင်း ရောဂါတွေနဲ့ လူသေဆုံးမှုတွေ ဖြစ်နိုင်တဲ့ လှိုင်းတစ်ခုပါ။ ဒီရေဘေးဒုက္ခဆိုးက ရာသီဥတု ပြောင်းလဲမှုနဲ့ ဆက်နွယ်နေပြီး ဒါက အရေးပါတဲ့ ကျန်းမာရေးစနစ်တွေအပေါ် အကြီးအကျယ် ထိခိုက်စေခဲ့တာကြောင့် လူသန်းချီတို့ကို ခုခံနိုင်စွမ်းအားနည်းတဲ့ အခြေအနေကို ရောက်စေခဲ့ပါတယ်” ဟု WHO အကြီးအကဲက ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ပြောဆိုသည်။

ပါကစ္စတန်တွင် ရေပေးဝေထောက်ပံ့မှု အလျဉ်ပြတ်တောက်ခဲ့သည့်အတွက် ရေဘေးသင့်ပြည်သူတို့သည် သန့်ရှင်းမှုမရှိဘဲ စိတ်မချရသော ရေများကို မဖြစ်မနေ သောက်သုံးကြရသည်ဖြစ်ရာ ကာလဝမ်းရောဂါနှင့် အခြားသော ဝမ်းလျှောဝမ်းပျက် ရောဂါများကို ပျံ့နှံ့ကူးစက်စေကြောင်း ၎င်းက ပြောသည်။

“ရေပေးဝေထောက်ပံ့မှု အလျဉ်ပြတ်တောက်ခဲ့တဲ့အတွက် ရေဘေးသင့် ပါကစ္စတန်ပြည်သူတွေဟာ သန့်ရှင်းမှု မရှိတဲ့ ရေတွေကို မဖြစ်မနေ သောက်သုံးကြရတဲ့အတွက် ဝမ်းရောဂါနဲ့ တခြား ဝမ်းလျှောဝမ်းပျက် ရောဂါတွေကို ပျံ့နှံ့စေပါတယ်။ ရေတွေ အိုင်ပြီး ဆက်ရှိနေတာကြောင့်လည်း ခြင်တွေကို ပေါက်ဖွားစေသလို ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးလိုမျိုး ခြင်ကြောင့် ဖြစ်တဲ့ ရောဂါတွေကို ပျံ့နှံ့စေပါတယ်” ဟု WHO အကြီးအကဲ တက်ဒရို့စ်က ပြောသည်။

ပါကစ္စတန်တွင် အကြီးအကျယ် ထိခိုက်ပျက်စီးစေသော ရေကြီးမှုများနှင့် ကြုံရပြီးနောက် စိတ်မချရသော ကလေးမွေးဖွားမှုများ၊ ကုသနိုင်ခြင်းမရှိသည့် ဆီးချို သို့မဟုတ် နှလုံးရောဂါ ဖြစ်ပွားမှုများနှင့် ကာကွယ်ဆေး ထိုးနှံနိုင်ခြင်း မရှိသည့် ကလေးများ ပိုမိုများပြားလာလိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly