အွန်လိုင်းပရိသတ် သန်း ၂၀၀ ပြည့်မြောက်သည့် ပထမဆုံးအားကစားသမား ဖြစ်လာသော စီရော်နယ်ဒို ဟောလီးဝုဒ် သရုပ်ဆောင်လည်း လုပ်ဦးမည်

အွန်လိုင်းပရိသတ် သန်း ၂၀၀ ပြည့်မြောက်သည့် ပထမဆုံးအားကစားသမား ဖြစ်လာသော စီရော်နယ်ဒို ဟောလီးဝုဒ် သရုပ်ဆောင်လည်း လုပ်ဦးမည်

မက်ဒရစ်၊ ဖေဖော်ဝါရီ ၂၄ ။           ။ ကမ္ဘာကျော် ဘောလုံးသမား စီရော်နယ်ဒိုသည် အွန်လိုင်းလူမှုဝက်ဆိုက် စာမျက်နှာများတွင် ပရိသတ် သန်း ၂၀၀ ပြည့်မြောက်သည့် ပထမဆုံး အားကစားသမား ဖြစ်လာခဲ့သည်။

စီရော်နယ်ဒိုတွင် facebook ပရိသတ် ၁၀၉ ဒသမ ၇ သန်း၊ အင်စတာဂရမ်တွင် ၄၉ ဒသမ ၆ သန်း၊ တွစ်တာတွင် ၄၀ ဒသမ ၇ သန်း ပရိသတ်အင်အားရှိနေပြီဖြစ်သည်။ ၎င်း၏ အွန်လိုင်းပရိသတ် စုစုပေါင်း အရေအတွက်မှာ ၂၀၀,၀၅၈,၄၉၄ ရှိနေပြီဟု social media များကို သုတေသနပြုလုပ်နေသည့် Hookit.com က ထုတ်ပြန်ကြေညာခဲ့သည်။

ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုသည် ပြီးခဲ့သည့် အင်္ဂါနေ့က ပရိသတ် သန်း ၂၀၀ ပြည့်မြောက်သွားခဲ့ခြင်း ဖြစ်သည်။ စီရော်နယ်ဒိုသည် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီထံ လွှဲပြောင်းပေးအပ်ခဲ့ရသော်လည်း အွန်လိုင်းစာမျက်နှာများတွင်မှု မက်ဆီကို အလွယ်တကူ အသာရလျက်ရှိသည်။

မက်ဆီမှာ facebook နှင့် အင်စတာဂရမ်တို့ိကို အသုံးပြုသော်လည်း တွစ်တာအသုံးပြုခြင်း မရှိသူ ဖြစ်သည်။ ထို့ကြောင့် မက်ဆီ၏ အွန်လိုင်းပရိသတ်ဦးရေမှာ သန်း ၁၂၀ ကျော်သာရှိသည်။

၂၀၁၅ ခုနှစ်အတွင်း၌ စီရော်နယ်ဒို၏ အွန်လိုင်းပရိသတ်အသစ် ဦးရေမှာ ၄၁ ဒသမ ၈ သန်းအထိ ရှိခဲ့သည်။ ထို့ကြောင့် စီရော်နယ်ဒို၏ ပရိသတ်ဦးရေအသစ်မှာ တစ်နေ့လျှင် ၁၃၅,၀၀၀ ဦးရေ ရှိနေသည်ဟု Hookit.com က ဖော်ပြခဲ့သည်။

အွန်လိုင်းပရိသတ် သန်း ၂၀၀ ကျော်သွားပြီဖြစ်သည့် စီရော်နယ်ဒိုက အနာဂတ်တွင် ဟောလီးဝုဒ် သရုပ်ဆောင် လုပ်ဦးမည်ဟုလည်း ပြောဆိုခဲ့သည်။

'ဟောလီးဝုဒ်မှာ သရုပ်ဆောင်လုပ်ဖို့ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ အခုတော့ မဟုတ်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကို ကမ်းလှမ်းထားမှုတွေ ရှိပါတယ်။ ကျွန်တော့်ရဲ့ အချိန်ဇယားတွေက ရှုပ်ထွေးနေပေမယ့် ဘယ်တံခါးကိုမှ ကျွန်တော်မပိတ်ထားပါဘူး။ ဒီအလုပ်က ကျွန်တော်စိတ်ဝင်စားတဲ့ အရာတစ်ခုပါ' ဟု စီရော်နယ်ဒိုက ပြောဆိုခဲ့သည်။

Ref: ESPN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly