အာဖဂန်နစ္စတန် ပန်ဂျ်ရှားပြည်နယ်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် စိုးရိမ်ပူပန်ကြောင်း ကုလ ထုတ်ဖော်

အာဖဂန်နစ္စတန် ပန်ဂျ်ရှားပြည်နယ်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် စိုးရိမ်ပူပန်ကြောင်း ကုလ ထုတ်ဖော်

အာဖဂန်နစ္စတန်နိုင်ငံ ပန်ဂျ်ရှားပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်း၌ ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး အလွန်တရာ စိုးရိမ်ပူပန်ကြောင်း အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂ အကူ အညီပေးရေး လုပ်ငန်းအဖွဲ့ (UNAMA) က ထုတ်ပြန်လိုက်သည်။

“ပန်ဂျ်ရှားပြည်နယ်နဲ့ အခြားနေရာတွေမှာ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ အခုနောက်ဆုံး ပြောဆိုချက်တွေနဲ့ပတ်သက်လို့ အင်မတန် စိုးရိမ်ပူပန်မိပါတယ်။ ထိန်းသိမ်းဖမ်းဆီးထားသူတွေရဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာရမယ် ဆိုတဲ့အချက် အပါအဝင် သက်ဆိုင်သူအားလုံး လိုက်နာသွားရမယ့် ရှင်းလင်းတဲ့  နိုင်ငံတကာ တာဝန်ဝတ္တရားတွေ ရှိပါတယ်။ ကုလ မစ်ရှင်အနေနဲ့ အခြေအနေကို စောင့်ကြည့်နေ သလို ဘယ်လိုပြစ်မှုပဲဖြစ်ဖြစ် ကျူးလွန်သူတွေကို တရားဥပဒေအတိုင်းအရေးယူဖို့ တောင်းဆိုပါတယ်” ဟု UNAMA က စက်တင်ဘာ ၁၄ ရက်တွင် တွစ်တာတွင် ရေးသည်။

အာဖဂန်နစ္စတန်တွင် ယမန်နှစ်က တာလီဘန်တို့ ထိန်းချုပ်အာဏာရပြီးနောက် နိုင်ငံတစ်ဝန်း မကြုံစဖူးသော စီးပွားရေး၊ ဘဏ္ဍာရေးနှင့် လူသားချင်းစာနာမှု အကျပ်အတည်းများကြောင့် လူ့အခွင့်အရေး အခြေအနေကို ပိုမို ဆိုးဝါးစေခဲ့သည်။

လုံခြုံရေး အကြောင်းကိစ္စများကြောင့် ပန်ဂျ်ရှားပြည်နယ်မှ မိသားစုပေါင်း ၇၀၀ ကျော်သည် ပါဝမ်ပြည်နယ်သို့ ရွှေ့ပြောင်းရောက်ရှိခဲ့ကြသည်ဟု သတင်းများက ဖော်ပြသည်။

“မိသားစုပေါင်း ၇၄၈ စုဟာ ပန်ဂျ်ရှားကနေ ပါဝမ်ကို ရွှေ့ပြောင်းရောက်ရှိခဲ့ကြပါတယ်။ သူတို့ဟာ ပဋိပက္ခတွေကြောင့် သူတို့ရဲ့ နေအိမ်တွေကနေ ထွက်ခွာခဲ့ကြရတာပါ” ဟု ပါဝမ်ပြည်နယ်၏ ဒုက္ခသည်နှင့် မူလနေရပ်ပြန်လာမှုဆိုင်ရာ ဌာနမှ အရာရှိတစ်ဦးဖြစ်သည့် ဖာရာအီဒွန်း နိုရီက ပြောကြောင်း Tolo News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required