ရေကြီးမှုဒဏ် အကြီးအကျယ်ခံရသော်လည်း ပါကစ္စတန်က ဘင်္ဂလားဒေ့ရှ်၏ အကူအညီ ကမ်းလှမ်းချက်ကို ပယ်ချ

ရေကြီးမှုဒဏ် အကြီးအကျယ်ခံရသော်လည်း ပါကစ္စတန်က ဘင်္ဂလားဒေ့ရှ်၏ အကူအညီ ကမ်းလှမ်းချက်ကို ပယ်ချ

ပါကစ္စတန်နိုင်ငံတွင် မကြာသေးခင်က မုတ်သုံမိုးကြီးပြီး ရေလွှမ်းမိုးမှုဒဏ် အကြီးအကျယ် ခံခဲ့ရသော်လည်း ပါကစ္စတန် အာဏာပိုင်တို့သည် တာကာငွေ ၁၄ သန်း တန်ဖိုးရှိ လူသားချင်းစာနာမှု အကူအညီ ထောက်ပံ့ပေး အပ်မည့် ဘင်္ဂလားဒေ့ရှ်၏ အကူအညီကမ်းလှမ်းချက်ကို လက်မခံဘဲ ပယ်ချလိုက်သည်။

ပါကစ္စတန်တွင် ဖြစ်ပွားခဲ့သော ရေကြီးမှုများကြောင့် စီးပွားရေး အကျပ်အတည်းမှ အလျင်အမြန် ပြန်လည် ရုန်းထွက်မည် ဆိုသည့် မျှော်လင့်ချက်ကို လျော့ကျစေခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာစီနာသည် သူမ၏ ကြင်နာသနားစိတ်ရှိမှုနှင့် ပရဟိတဝါဒကို ထုတ်ဖော်သည့် အနေဖြင့် ရေကြီးမှုကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့သည့် ပါကစ္စတန်အတွက် တာကာ ၁၄ သန်းတန်ဖိုးရှိ လူသားချင်းစာနာမှု အကူအညီ ပေးအပ်မည့်အကြောင်းကို ကြေညာခဲ့ကြောင်း Bangladesh Live News က ဖော်ပြသည်။

သို့သော် ပါကစ္စတန်စစ်တပ်သည် ဘင်္ဂလားဒေ့ရှ်ထံမှ ကမ်းလှမ်းသော အဆိုပါ အကူအညီ ကမ်းလှမ်းချက်ကို လက်မခံဘဲ ငြင်းပယ်ခဲ့ပြီး ယင်းကဲ့သို့သော ကယ်ဆယ်ရေး အကူအညီမျိုးကို လက်ခံပါက နိုင်ငံတကာအလယ် ပါကစ္စတန်၏ ပုံရိပ်ကို ထိခိုက်စေနိုင်သည်ဟု ယူဆ၍ ဖြစ်သည်။

အတိတ်က ပါကစ္စတန်၏ အစိတ်အပိုင်း ဖြစ်ခဲ့သည့် နိုင်ငံတစ်နိုင်ငံထံမှ အကူအညီတစ်ခုခုကို ရယူခြင်းက ပါကစ္စတန်စစ်တပ်အတွက် အရှက်ရစရာကိစ္စတစ်ခု ဖြစ်နိုင်သည်။ ပါကစ္စတန်စစ်တပ်သည် ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်အပေါ် လူမျိုးတုန်းသတ်မှု ကျူးလွန်ခဲ့သည် ဆိုသည့် စွပ်စွဲချက်များကို ယနေ့အချိန်အထိ ငြင်းဆန် နေဆဲဖြစ်ကြောင်း Bangladesh Live News က ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် သဘာဝဘေး စီမံခန့်ခွဲမှုနှင့် သက်သာချောင်ချိမှုရေးရာ ဝန်ကြီးဌာနသည် ပါကစ္စတန်ထံ ပေးပို့ရန် ဘီစကွတ် ၁၀ တန်၊ ကိတ်ခြောက် ၁၀ တန်၊ ရေသန့်စင် ဆေးပြား ၁၀၀၀၀၀ ၊ ဓာတ်ဆားအထုပ်ပေါင်း ၅၀၀၀၀ ၊ ခြင်ထောင် ၅၀၀၀၊ စောင် ၂၀၀၀ နှင့် မိုးကာတဲ ၂၀၀၀ တို့အတွက် ရန်ပုံငွေများကို စက်တင်ဘာ ၁ ရက်က ခွဲဝေသတ်မှတ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required