ထိုင်ဝမ်နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးတည်ဆောက်ရန် ဥရောပပါလီမန်က အီးယူနိုင်ငံများကို တိုက်တွန်း 

ထိုင်ဝမ်နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးတည်ဆောက်ရန် ဥရောပပါလီမန်က အီးယူနိုင်ငံများကို တိုက်တွန်း 

ဥရောပပါလီမန်သည် ထိုင်ဝမ်ရေလက်ကြားတွင် မကြာသေးမီက တရုတ်၏ ပြင်းထန်သော စစ်ရေးလေ့ကျင့်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ထိုင်ဝမ်နှင့် အီးယူ ဆက်ဆံရေး ခိုင်မာအောင်လုပ်ဆောင်ရန် တောင်းဆို ကြောင်း ဥရောပပါလီမန်အဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်နောက်ပိုင်း ၂၀၂၂ ခုနှစ် ဩဂုတ်လမှစ၍ ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်၏ မကြုံစဖူး ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုကို ဥရောပပါလီမန်အဖွဲ့က ရှုတ်ချခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားနှင့် ဒေသတွင်းလုံခြုံရေးကို မတည်မငြိမ်ဖြစ်စေနိုင်သည့် မည်သည့်အစီအမံများကိုမဆို တရုတ်အစိုးရအနေဖြင့် ရှောင်ကြဉ်ရန်လည်း တောင်းဆိုခဲ့သည်။ ဥရောပပါလီမန်သည် အဆိုပါတောင်းဆိုချက်ကို ထောက်ခံမဲ ၄၂၄ မဲ၊ ကန့်ကွက်မဲ ၁၄ မဲနှင့် ကြားနေမဲ ၄၆ မဲဖြင့် အတည်ပြုခဲ့သည်။
 
၂၀၂၂ ခုနှစ် ဆောင်ဦးပိုင်း၌ ထိုင်ဝမ်တွင် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးဖွင့်ရန် ကြေညာခဲ့သော လစ်သူရေး နီးယားကို ကျန်ဥရောပနိုင်ငံများက အတုယူသင့်သည်ဟု ဥရောပပါလီမန်က ဆိုသည်။ 

ထိုင်ဝမ်တွင် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးမဖွင့်ရသေးသည် ဥရောပနိုင်ငံများသည် လစ်သူရေးနီးယား ဥပမာအတိုင်းလုပ်ဆောင်သင့်ပြီး ထိုင်ဝမ်နှင့် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာအောင် လုပ်ဆောင်သင့်သည်ဟု ဥရောပပါလီမန်က ပြောသည်။

အီးယူသည် အီးယူ-တရုတ်ဆက်ဆံရေးအခြေခံအဖြစ် ‘တရုတ်တစ်နိုင်ငံတည်းမူဝါဒ’ ကို ဆက်လက် ထိန်းသိမ်း မည်ဖြစ်ကြောင်းနှင့် ထိုင်ဝမ်ရေလက်ကြားအခြေအနေကို တစ်ဖက်သတ် မပြောင်းလဲစေရန်နှင့် အင်အား အသုံးပြု မှု သို့မဟုတ် ခြိမ်းခြောက်မှုကို ဆန့်ကျင်ကြောင်းလည်း ပြောကြားခဲ့သည်။

“ဒီမိုကရေစီကျင့်သုံးတဲ့ထိုင်ဝမ်မှာ ဘယ်လိုနေချင်လဲဆိုတာ ဆုံးဖြတ်ဖို့ ပြည်သူတွေအပေါ် မူတည်ပါတယ်” ဟု ဥရောပပါလီမန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required