အာဖဂန်နစ္စတန်၏ ဒေါ်လာ ၇ ဘီလီယံချီရှိ ပိုင်ဆိုင်မှုများကို အမေရိကန်က လုယူခဲ့ဟု တာလီဘန်တို့ စွပ်စွဲ

အာဖဂန်နစ္စတန်၏ ဒေါ်လာ ၇ ဘီလီယံချီရှိ ပိုင်ဆိုင်မှုများကို အမေရိကန်က လုယူခဲ့ဟု တာလီဘန်တို့ စွပ်စွဲ

အမေရိကန်သည် အာဖဂန်နစ္စတန်နိုင်ငံ၏ ပိုင်ဆိုင်မှုများကို လုယူထားကြောင်း တာလီဘန်တို့က စွပ်စွဲလိုက်သည်။ ထိန်းချုပ်ထားသည့် အာဖဂန်နစ္စတန်၏ ပိုင်ဆိုင်မှုငွေကြေး ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံကို အဆိုပါ ဆင်းရဲမှုဒဏ်ခနေရသော နိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် ထုတ်ပေးမည်ဟု အမေရိကန်က ကြေညာခဲ့ပြီးနောက် တာလီဘန်တို့က အထက်ပါအတိုင်း စွပ်စွဲလိုက်ခြင်း ဖြစ်သည်။

“အာဖဂန်ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်က လုယူထားခဲ့တာပါ” ဟု တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က ပြောကြောင်း Dawn သတင်းစာက ဖော်ပြသည်။

“အဲဒါဟာ အာဖဂန်တွေရဲ့ ပိုင်ဆိုင်မှုကို ကျူးကျော်လုယူတာလို့ ကျွန်တော်တို့ မြင်ပါတယ်။ အမေရိကန်ဟာ ဒီပိုင်ဆိုင်မှုတွေရဲ့ ပိုင်ရှင် မဟုတ်ပါဘူး” ဟု မူဂျာဟစ်က ပြောသည်။ ထို့ပြင် အဆိုပါ ငွေကြေးများကို ခြွင်းချက်မရှိ ထုတ်ပေးသင့်ကြောင်း ၎င်းက တောင်းဆိုခဲ့သည်။

ထိန်းချုပ်ထားသော အာဖဂန်နစ္စတန်၏ ပိုင်ဆိုင်မှုငွေကြေး ဒေါ်လာ ၇ ဘီလီယံအနက် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံကို လူသားချင်းစာနာမှု အကူအညီဆိုင်ရာ “အာဖဂန် ရန်ပုံငွေ”အသစ်ထံ ထုတ်ပေးမည်ဖြစ်ကြောင်း အမေရိကန်က စက်တင်ဘာ ၁၄ ရက်တွင် ကြေညာခဲ့သည်။

အာဖဂန်ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုဖြစ်သည့် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံကို တာလီဘန်တို့ ရယူနိုင်ခြင်း မရှိစေရန် ကာကွယ်ထားမည့် ဆွစ်ဇာလန် အခြေစိုက် trust fund (ယုံကြည်အပ်နှံငွေစာရင်း) သစ်တစ်ခုထံ လွှဲပြောင်း ပေးမည် ဖြစ်ကြောင်းနှင့် ထိုငွေကြေးများကို အာဖဂန်နစ္စတန်၏ ပြိုလဲထားသော စီးပွားရေးကို ပြန်လည် တည်ငြိမ် စေရေး ကူညီရာတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly