ပါကစ္စတန်တွင် ရေဘေးသင့် ဟိန္ဒူဘာသာဝင်များ ခွဲခြားဆက်ဆံခံရကြောင်း သတင်းရေးသားသည့်   ဂျာနယ်လစ် ထိန်းသိမ်းခံရ

By The Print
18 September 2022
ပါကစ္စတန်တွင် ရေဘေးသင့် ဟိန္ဒူဘာသာဝင်များ ခွဲခြားဆက်ဆံခံရကြောင်း သတင်းရေးသားသည့်   ဂျာနယ်လစ် ထိန်းသိမ်းခံရ

ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်တွင် ရေဘေးသင့် ဟိန္ဒူဘာသာဝင်တို့ ကြုံတွေ့ရသော အကျဉ်းအကျပ် အတိဒုက္ခများအကြောင်း ထုတ်ဖော်သတင်းရေးသားခဲ့သော ဂျာနယ်လစ်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အထက်ပါ ရေဘေးသင့် ဟိန္ဒူများသည် သဘာဝဘေးဒုက္ခဆိုးနှင့် ကြုံတွေ့ရစဉ် ရှင်သန်ရပ်တည်နိုင်ရေး အခြေခံရင်းမြစ်များ မရရှိဘဲ ပိတ်ပင်ခံခဲ့ရကြောင်း နောက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်ဟု ပြည်တွင်း မီဒီယာက ဖော်ပြသည်။

ဆင်းဒ်ပြည်နယ် မီအာပူရ် မက်သီလိုမြို့ရှိ ဘာဂရီ အစုအဖွဲ့ဝင်များဖြစ်ကြသော ပါကစ္စတန် ဟိန္ဒူဘာသာဝင်တို့၏ ဖြစ်စဉ်အကြောင်းကို သတင်းရေးသားမှုအတွက် ရဲများက စက်တင်ဘာ ၇ ရက်တွင် ဂျာနယ်လစ် နက်စ်ရယ်လာ ဂတ်ဒါနီကို ဖမ်းဆီးပြီး ၅ ရက် ချုပ်မိန့်ယူခဲ့သည်။

ဒေသအာဏာပိုင်များသည် ဘာဂရီ အစုအဖွဲ့ဝင်များကို ဟိန္ဒူဘာသာဝင်များဖြစ်နေခြင်းကြောင့်ဟု ဆိုပြီး ရေဘေး ကယ်ဆယ်ရေးစခန်းများမှ နှင်ထုတ်ခဲ့သည်ဟု အဆိုပါ ဂျာနယ်လစ်က သတင်းဖော်ပြခဲ့ကြောင်း မီဒီယာ သတင်းများက ဖော်ပြသည်။

အဆိုပါ သတင်းပေးပို့ချက် ဗီဒီယိုတစ်ခုက လူမှုမီဒီယာပေါ် ပျံ့နှံ့လာခဲ့ပြီး ယင်းသည် ပါကစ္စတန်တွင် ဟိန္ဒူလူနည်းစုများအပေါ် အစိုးရနှင့် အာဏာပိုင်တို့ဘက်က ရက်စက်ယုတ်မာသည့် လုပ်ရပ်များ လုပ်ဆောင်နေခြင်းကို ပြသလျက် ရှိသည်။

သို့သော် ပါကစ္စတန်အာဏာပိုင်တို့ကမူ ၎င်းတို့၏ ဖက်ဒရယ်နိုင်ငံတွင် လူနည်းစုများသည် ဘေးကင်းပြီး ပျော်ရွှင်သော ဘဝဖြင့် နေထိုင်နေကြသည်ဟု ရံဖန်ရံခါ ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly