မြောက်ကိုရီးယားကို ပြင်းထန်စွာအပြစ်ပေးမည်ဟု တောင်ကိုရီးယားစစ်ဘက် သတိပေး

မြောက်ကိုရီးယားကို ပြင်းထန်စွာအပြစ်ပေးမည်ဟု တောင်ကိုရီးယားစစ်ဘက် သတိပေး

ဆိုးလ်၊ ဖေဖော်ဝါရီ ၂၄ ။            ။ ရန်စမှုအားလုံးရပ်တန့်ရန် တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယားကို ဖေဖော်ဝါရီ ၂၄က သတိပေးလိုက်ပြီး မြောက်ကိုရီးယား၏ အဆင်ခြင်မဲ့သော အပြုအမူများက ၎င်း၏အာဏာရှင်စနစ်ပြိုလဲရေးကို အရှိန်မြန်စေလိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

မကြာမီပြုလုပ်မည့် အမေရိကန်-တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဒေါသထွက်နေသည့် မြောက်ကိုရီးယား၏ အမြင့်ဆုံးတပ်မှူးက ဆိုးလ်၏သမ္မတအိမ်ပြာတော်ကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ပြီးနောက် နောက်တစ်ရက်တွင် တောင်ကိုရီးယားစစ်တပ်က တုံ့ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။

ပျက်စီးခြင်းသို့ မောင်းနှင်နေသည့် မြောက်ကိုရီးယား၏ ရန်စသည့်အပြုအမူများကို ချက်ခြင်းရပ်တန့်ရန် မြောက်ကိုရီးယားအား အလေးအနက်တိုက်တွန်းကြောင်း တောင်ကိုရီးယား၏ ပူးတွဲစစ်ဦးစီးချုပ်များ၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။ ဆိုးလ်၏ သတိပေးချက်များကို လစ်လျူရှုပါက မြောက်ကိုရီးယားသည် ပြင်းထန်သည့် အပြစ်ပေးခံမှုနှင့် ရင်ဆိုင်ရလိမ့်မည်ဟုလည်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား၏ မကြာသေးမီက နျူကလီးယားစမ်းသပ်မှုနှင့် တာဝေးဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်သည့်အနေဖြင့် ဆိုးလ်နှင့် ဝါရှင်တန်တို့သည် လာမည့်လတွင် အကြီးမားဆုံးပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်မည်ဖြစ်သည်။

နှစ်စဉ်ပြုလုပ်လေ့ရှိသော အမေရိကန်-တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ကျူးကျော်မှုပြုလုပ်ရန် ဇတ်တိုက်နေခြင်းသာ ဖြစ်သည်ဟု ပြုံယမ်းက အစဉ်တစိုက်ပြောဆိုလေ့ရှိသည်။ ဆိုးလ်နှင့် ဝါရှင်တန်တို့ကမူ ၎င်းတို့၏လေ့ကျင့်မှုမှာ ခုခံမှုသက်သက်အတွက်သာဖြစ်သည်ဟု ပြောကြားထားသည်။

မြောက်ကိုရီးယား၏ နျူစမ်းသပ်မှု၊ ဒုံးကျည်စမ်းသပ်မှုတို့ကို အပြစ်ပေးသည့်အနေဖြင့် ကုလသမဂ္ဂက ပိုမိုပြင်းထန်သည့် အရေးယူပိတ်ဆို့မှုများပြုလုပ်ရန် စဉ်းစားနေစဉ် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်မားလာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly