တောင်တရုတ်ပင်လယ် အငြင်းပွားကျွန်းတွင် တရုတ်က ဂျက်တိုက်လေယာဉ်များချထား

တောင်တရုတ်ပင်လယ် အငြင်းပွားကျွန်းတွင် တရုတ်က ဂျက်တိုက်လေယာဉ်များချထား

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄ ။                ။ တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းပေါ်တွင် တရုတ်က ဂျက်တိုက်လေယာဉ်များ ချထားသည့်အပြင် မြေပြင်ရေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များလည်း ချထားကြောင်း အမေရိကန်အရာရှိများက ဖေဖော်ဝါရီ ၂၃တွင် ပြောကြားသည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်း တရုတ်သည် အငြင်းပွားပါရာဆဲကျွန်းစုရှိ ဝူးဒီကျွန်းပေါ်တွင် Shenyang J-11 နှင့် Xian JH-7 စစ်လေယာဉ်များကို အမေရိကန်ထောက်လှမ်းရေး တပ်ဖွဲ့များက တွေ့ရှိ ခဲ့ကြောင်း အမည်မဖော်သော အမေရိကန်အရာရှိနှစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Fox News သတင်းဋ္ဌာနက ဖော်ပြသည်။

၎င်းသတင်းအား အမေရိကန်ပစိဖိတ်စစ်ဋ္ဌာနချုပ်မှ ပြောခွင့်ရအမျိုးသား ရေတပ်ဗိုလ်ကြီး ဒါရင်းဂျိမ်းက အတည်ပြုခဲ့သည်။ သို့သော်လည်း တရုတ်ဂျက်တိုက်လေယာဉ်များသည် ယခင်ကလည်း ယင်းကျွန်းကို အသုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

ထိုင်ဝမ်နှင့် ဗီယက်နမ်တို့ကလည်း ပိုင်ဆိုင်သည်ဟု ပြောကြားထားသော ဝူးဒီကျွန်းတွင် ၁၉၉၀ပြည့်လွန်နှစ်များကတည်းက စစ်ဆင်ရေးသုံးလေယာဉ်ကွင်းတစ်ခု ရှိနေခဲ့သည်။ သို့သော်လည်း J-11 လေယာဉ်များချထားရန် ယင်းလေယာဉ်ကွင်းကို လွန်ခဲ့သည့်နှစ်ကမှ့အဆင့်မြင့်တင်ခဲ့သည်။

"ဒီအငြင်းပွားကျွန်းမှာ အဆင့်မြင့်လက်နက်စနစ်တွေ တရုတ်က ဆက်ပြီးချထားမှာကို ကျွန်တော်တို့ စိုးရိမ်နေဆဲပါ"ဟု ဂျိမ်းက ပြောသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကို ဝါရှင်တန်တွင် လက်ခံတွေ့ဆုံစဉ် ယင်းသို့လေယာဉ်များချထားသည့်သတင်းအား အစီရင်ခံမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ဝူးဒီကျွန်းပေါ် လက်နက်များချထားကြောင်း တရုတ်က လွန်ခဲ့သည့်သီတင်းပတ်က အတည်ပြုခဲ့ပြီး ယင်းသို့ချထားခြင်းမှာ အချုပ်အခြာအာဏာပိုင် အခွင့်အရေးဟုလည်း ပြောကြားခဲ့သည်။ တရုတ်သည် ကီလိုမီတာ ၂၀၀ အထိပစ်ခတ်နိုင်သော ရေပြင်မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ ချထားကြောင်း အမေရိကန် အရာရှိတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly