ပြည်မြို့မှာ အမျိုးသမီးတွေ လမ်းမထွက်ရဲကြတာကို သိလား

ပြည်မြို့မှာ အမျိုးသမီးတွေ လမ်းမထွက်ရဲကြတာကို သိလား

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်မှာနေတဲ့ ဒေါ်သန်းသန်းဆွေက မဇ္ဈိမ စာဖတ်သူ ကဏ္ဍကို မေးလ်နဲ့ စာတစ်စောင် ပေးပို့လာပါတယ်။ စာရေးပေးပို့ခဲ့သူဟာ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦး ဖြစ်ပြီး ရုံးတက်တဲ့အခါ သူတို့မြို့ရဲ့ အနေအထားအရ ကိုယ်ပိုင်ဆိုင်ကယ် မောင်းနှင်လို့ ရုံးတက်ရသူတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က သူတို့မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဆိုင်ကယ်စီးနင်း လာသူကို ဆိုင်ကယ်စီးလာတဲ့ သူတွေက လုယက်ခဲ့တာနဲ့ ပတ်သက်ပြီး ပြောချင်လို့ ရေးလိုက်တဲ့စာ ဖြစ်ပါတယ်။

သူတို့မြို့ဟာ အရင်က အလွန်အေးချမ်းသာယာခဲ့တဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ကြီးက ဖြတ်သန်းစီးဆင်းနေပြီး တောတောင်နဲ့ ဘုရားစေတီတွေကြောင့် နေ့ချင်စဖွယ် မြို့တော်ဖြစ်တာ ကြောင့် သူဟာ အခြားမြို့ကြီးတွေမှာ အလုပ်မဝင်ဘဲ ကိုယ့်မြို့ကိုယ့်ရွာမှာပဲ အိမ်နဲ့မခွဲရအောင် လုပ်ငန်းဝင်ခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုအချိန်အခါမှာတော့ အိမ်ထဲက အပြင်ထွက်ဖို့ကို ကြောက် လာပါတယ်။ သူ့အနေနဲ့ မကြုံရသေးပေမယ့် ပြည်မြို့မှာ လုယက်တာတွေ များလာလို့ပါ။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီး တွေ့ကြုံနေရတာက ယတ်ဆင်ထားတဲ့ ဆွဲကြိုး၊ ဟန်းချိန်းနဲ့ လက်ကိုင်အိတ်တွေကို သာမက လက်ကိုင်ဖုန်းကိပါ လုယက်လာကြတာပါပဲ။ ပြီးခဲ့တဲ့ ၂၀ ရက်နေ့က သူတို့မြို့မှာ ဆိုင်ကယ်မောင်းနှင်နေတဲ့ အမျိုးသမီးငယ်တစ်ဦးထံမှ ရွှေဟန်းချိန်းကို အခြား ဆိုင်ကယ်က အမျိုးသားနှစ်ဦးက လုမှု ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

လမ်းလျှောက်သွားရင် အလုခံရတာထက် ဆိုင်ကယ်စီးနေစဉ် အလုခံရတာက အသက်အန္တ ရာယ်နဲ့ အလွန်နီးပါတယ်။ အနည်းဆုံးတော့ ဦးခေါင်းနဲ့ ကိုယ်လက်အင်္ဂါတွေ ထိခိုက် ပျက်စီးပြီး ဒုက္ခိတဘဝကို ရသွားနိုင်ပါတယ်။ ကံမကောင်းရင်တော့ အသက်သေဆုံးရတဲ့အထိ ဖြစ်သွားနိုင်တယ် ဆိုတာ ထမင်းစားကြီးတဲ့လူတိုင်း အသိဉာဏ်ရှိကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သိပေမယ့် အခုလု ယက်နေသူတွေ ဟာ များသောအားဖြင့် လူငယ်တွေ ဖြစ်နေပြီး ခေတ်ပေါ်အသုံးအဆောင်တွေ အသုံးပြုချင်တာ လောင်းကစားမှုတွေ လုပ်ပြီး ငွေကြေးလိုအပ်နေတာ မူးယစ်ဆေးဝါးတွေ သုံးစွဲတွဲ အတွက် ငွေကုန်များလာ တဲ့အခါ အိမ်ကတောင်းမရ၊ ခိုးမရတဲ့အခါတွေမှာ ငွေအလွန်အမင် လိုအပ်နေ တဲ့အတွက် ဘာကိုမှ မစဉ်းစားတော့ဘဲ မကြောက်မရွံ့ အလွယ်တကူ ရနိုင်တယ်ဆိုပြီး လုယက်မှုတွေ ကျူးလွန်လာကြ တာဖြစ်တယ်လိုပ ရေးပါတယ်။

ဒီလို စာရိတ္တ ပျက်ယွင်းနေတဲ့ လူအချို့ရဲ့ အဆင်ခြင်မဲ့ လုပ်ရပ်တွေက အေးချမ်းစွာ နေလိုတဲ့ ပြည်သူတွေရဲ့ စိတ်ကို ပူပန်စေတဲ့အပြင် ခေတ်အခြေအနေအရ အမျိုးသမီးတွေလည်း လုပ်ငန်းခွင် ဝင်းမှ အိမ်မိသားစု အဆင်ပြေနိုင်မယ့် အနေအထားကို ပြုပြင်ပြောင်းလဲနိုင်ဖို့လဲ အဖြေ  မရှိသေးပါ ဘူး။ ဒီလိုလုယက်တဲ့သူတွေကို ဖမ်းပြီး ထောင်ချရုံနဲ့လည်း ပြီးသွားမှာ မဟုတ်ပါဘူး။ သူ့အတွေ့အကြုံ အရတော့ မြန်မာပြည်မှာ ထောင်ထဲရောက်သွားပြီးတဲ့ သူတစ်ယောက်ဟာ အရင်ကထက် ပိုပြီး မကောင်းမှု ပြုလုပ်တဲ့ အတက်မျိုးစုံ တက်လာတက်ကြတာကို တွေ့ဖူးတယ်လို့ ပြောပါတယ်။

ဒါကြောင့် ဒီလိုပြစ်မှုမျိုးနဲ့ ထောင်ကျသူတွေကို အလုပ်လုပ်စေချင်တဲ့စိတ်၊ မိမိရဲ့ ကိုယ်ပိုင်အရည် အချင်းကရတဲ့ ဝင်ငွေနဲ့ စားသောက်နေထိုင်မယ်ဆိုတဲ့ စိတ်မျိုး ပြုပြင်ပြောင်းလဲနိုင်မယ့် အလုပ်စခန်း တွေ သင်တန်းကျောင်းတွေကို ပို့ပြီးမှ လူ့အသိုင်းအဝန်းထဲကို ပြန်လည်ဝင်ရောက်စေတဲ့ အခြေအ နေမျိုးတွေကို တာဝန်ရှိသူ အစိုးရအနေနဲ့ ဖန်တီးနိုင်ပါမှ လုယက်မှုတွေ ပျောက်ကွယ်မှာပါ။ ကျောင်းပ ညာသင်ယူတဲ့ အချိန်ကစပြီး ဆုံးတဲ့အချိန်ထိ လူ့ကျင့်ဝတ်နဲ့ တာဝန်ကို နားလည်သဘောပေါက်အောင် ကလေးအရွယာ်ကတည်းက သင်ပေးနိုင်ပါမှ အေးချမ်းသာယာတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်မှာလို့ ရေးပါတယ်။

ဒါပေမယ့် အခုလောလောဆယ်မှာတော့ ကျွန်မတို့ ပြည်မြို့က အမျိုးသမီး ကြီးငယ်တွေဟာ လမ်းထွက်ဖို့ကို ကြောက်ရွံ့ပြီး မသွားမဖြစ် သွားရတဲ့အခါ ရင်တထိတ်ထိတ်နဲ့ စိုးရွံ့စိတ်နဲ့ အသက်ရှင်နေ ကြရတာကို တာဝန်ရှိသူတွေသိအောင် မဇ္ဈိမ စာဖတ်သူကဏ္ဍကတဆင့် ရေးသား ပေးပို့လိုက်တာပါလို့ ရေးလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly