‘တရုတ်နှင့်ရုရှားအကြား အကန့်သတ်မဲ့ ဆက်ဆံရေးမှာ ကန့်သတ်ချက်များ ရှိလာဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ပြော

‘တရုတ်နှင့်ရုရှားအကြား အကန့်သတ်မဲ့ ဆက်ဆံရေးမှာ ကန့်သတ်ချက်များ ရှိလာဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ပြော

တရုတ်နိုင်ငံသည် ရုရှားနှင့် ဆက်ဆံရေးတွင် “အသာစီးရနေသည့် အနေအထား”တွင် ရှိနေပြီး သမ္မတ ရှီကျင့်ဖျင်သည် ရုရှားအား ၎င်းစိတ်ကြိုက် လုပ်ဆောင်ရန်  လမ်းခင်းပေးထားခြင်း မရှိတော့ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။

 "ဒါဟာ မညီမျှတဲ့ မိတ်ဖက်ဆက်ဆံရေးတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံဟာ ဆက်ဆံရေးမှာ အသာစီးရနေပါတယ်။ တရုတ်က ရုရှားကို လိုအပ်တာထက် ရုရှားက တရုတ်ကို ပိုလိုအပ်နေပါတယ်” ဟု သြစတြေးလျနိုင်ငံ Griffith တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ မက်သရူးစက်စပ်က ပြောကြားခဲ့သည်။
 
ဥဇဘက်ကစ္စတန်တွင် ကျင်းပသော ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေး၏  ပူးတွဲအစည်းအဝေးတွင် တရုတ်ခေါင်းဆောင်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံပြီးနောက် တစ်ရက်အကြာတွင် အဆိုပါမှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ 

တရုတ်နိုင်ငံသည် ရုရှားထံမှ ရေနံများကို ဈေးပေါပေါနှင့် ဝယ်ယူနေချိန်တွင် တရုတ်က ရုရှားအား မည်သည့်လက်နက်မျှကိုမျှ မထောက်ပံ့ပေ။

ယင်းက ပဋိပက္ခဖြစ်အောင်လုပ်ဆောင်ခဲ့သော ရုရှားအပေါ် တရုတ်က စိုးရိမ်ပူပန်မှုနှင့် စိတ်အနှောင့်အယှက် ဖြစ်နေနိုင်ကြောင်း ညွှန်ပြချက်တစ်ခုဖြစ်နိုင်သည်ဟု မက်သရူးက ရှင်းပြသည်။

 သို့သော်လည်း တရုတ်နှင့် ရုရှားအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် ဆက်လက်တည်ရှိနေဦးမည်ဖြစ်ကြောင်း နီဗားဒါးတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ရှောင်ယူပူက မှတ်ချက်ပြုသည်။

 အင်အားကြီးနှစ်နိုင်ငံသည် ကမ္ဘာ့အသိုက်အဝန်းတွင် နိုင်ငံရေး၊ လူမှုရေးနှင့်စီးပွားရေးအရ အနောက်နိုင်ငံများ၏ လွှမ်မိုးမှုကို တန်ပြန်နိုင်သော မဟာမိတ်ဖွဲ့မှုဟုလည်း ရှောင်ယူပူက သုံးသပ်သည်။

ရုရှားနှင့် တရုတ်တို့သည် ပြီးခဲ့သောလက အိန္ဒိယ၊ လာအိုနှင့် မွန်ဂိုလီးယားတို့ကဲ့သို့သော အခြားတပ်ဖွဲ့များနှင့် ဂျပန်ပင်လယ်တွင် သီတင်းတစ်ပတ်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။

 သို့သော် ရှောင်ယူပူက “ ဆက်ဆံရေးမှာ အကန့်အသတ်တွေ ရှိနေပါတယ်။ တရုတ်က ရုရှားကို စစ်ရေးအရ ပံ့ပိုးမှာမဟုတ်ပါဘူး။ တရုတ်က ရုရှားစစ်ပွဲနဲ့ပတ်သက်ပြီး သံသယတွေရှိနေပါတယ်။ ရုရှား-တရုတ်ဆက်ဆံရေး ဟာ စစ်ရေးမဟာမိတ်ပုံစံမျိုးမဟုတ်ပါဘူး။ သရုပ်ဖော်ထောက်ခံမှုမျိုးနဲ့ပိုတူပါတယ်” ဟု ပြောသည်။

“ရှီက နောင်လည်း ဘေးထွက်ပြီး နေဦးမယ်လို့ ကျွန်တော်ယူဆတယ်။ ဒါဟာ စစ်ပွဲကို  ဆက်နွှဲရာမှာ ရုရှားကို သိသိသာသာထိခိုက်စေမှာပါ” ဟု မက်သူရူးက ပြောသည်။

“အတိုင်းအဆမရှိ ဆိုတဲ့ဆက်ဆံရေးမှာ ကန့်သတ်ချက်တွေ တကယ်ရှိလာခဲ့ပါပြီ။ ဒီကန့်သတ်ချက်တွေဟာ ရုရှားထက် တရုတ်ဘက်က သတ်မှတ်တာက ပိုများပါတယ်။ တရုတ်က ရုရှားကို သူ့စိတ်တိုင်းကျ လုပ်ဖို့ လမ်းခင်းမပေးတော့ဘူး” ဟု မက်သရူးက ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly