“စစ်အာဏာရှင်တွေ ပေးသွားတဲ့ ဆိုးမွေ၊ ရေပြဿနာ ဘယ်လို ဖြေရှင်းကြမှာလဲ”

“စစ်အာဏာရှင်တွေ ပေးသွားတဲ့ ဆိုးမွေ၊ ရေပြဿနာ ဘယ်လို ဖြေရှင်းကြမှာလဲ”
၂၀၁၄ ခုနှစ် မေလ ၄ ရက်နေ့က ရန်ကုန်မြို့ ဒလမြို့နယ်အတွင်း ရေးရှားပါးမှုမြင်ကွင်းအားတွေ့ရစဉ်။ ဓာတ်ပုံ- ဟောင်ဆာ(ရာမည)

ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေ စတင်ပြီး သိပ်မကြာခင်မှာပဲ ပြည်သူ့အကျိုးကို တကယ်ဆောင်ရွက်မယ့် အစီအစဉ်တွေ စတင်လာတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၂ ရက် နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မိတ္တီလာအမတ် ဒေါက်တာမောင်သင်းက လာမယ့် နွေရာသီကာလအတွင်း အယ်နီညို ရာသီဥတု ကျရောက်ချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ကိစ္စအရပ်ရပ်အတွက် အစိုးရ ဌာနဆိုင်ရာ အသီးသီးက ပူးပေါင်းဆောင်ရွက်ကြဖို့ လိုတယ်ဆိုတဲ့အကြောင်း အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့ပါတယ်။ အလားတူ ရန်ကုန်တိုင်း လွှတ်တော်ဘက်ကလည်း ရေရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ အဆိုတစ်ရပ် တင်မယ်လို့ ဆိပ်ကြီးခနောင်တို အမတ် ဒေါ်စန္ဒာမင်းက ပြောဆိုထားပါတယ်။ လွှတ်တော်ထဲမှာ တင်ကြမယ့် အဆိုတွေဟာ ဘာတွေလဲ၊ ပြဿနာတွေ ဘယ်က အစပြုခဲ့တာလဲ၊ ဘယ်လို ဖြစ်သင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

ပြည်သူ့လွှတ်တော်ထဲမှာ ဒေါက်တာမောင်သင်းတင်တဲ့ အဆိုက ခုလို ဖြစ်ပါတယ်။ "အယ်လ်နီ ညို ရာသီဥတု ပြင်းထန်မှုကြောင့် ဖြစ်ပေါ်လာမယ့် သစ်တောနဲ့ လူနေအိမ်ခြေ မီးလောင်မှုအန္တရာယ်၊ လွန်ကဲတဲ့ အပူဒဏ်အန္တရာယ်၊ ရေများခန်းခြောက်ပြီး သောက်သုံးရေ ရှားပါးမှုအန္တရာယ်၊ ယခုနှစ်အတွင်း မိုးခေါင်ခြင်းနဲ့ ရေကြီးခြင်းတို့ တစ်ပြိုင်တည်း ဖြစ်ပေါ်လာနိုင်မှုနဲ့ စိုက်ပျိုးရေး အခက်ကြုံမှု၊ ကျန်းမာရေး ပြဿနာများ စသဖြင့် သဘာဝအန္တရာယ်များကို ကျနော်တို့ပြည်သူများ ကြုံတွေ့လာနိုင်ပါသည်။ သို့ပါ၍ ၂ဝ၁၆ ခုနှစ်တွင် မြန်မာနိုင်ငံတဝှမ်း ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ် များကြောင့် ပြည်သူလူထု ကြုံတွေ့ခံစားရမည့် ရေရှားပါးမှု၊ အပူချိန်ပြင်းထန်မှု၊ သောက်သုံးရေရှားပါးမှု၊ ကျန်းမာရေး ပြဿနာများ၊ စားနပ်ရိက္ခာ ပြဿနာများနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် စီမံဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများပူးပေါင်း ပါဝင်ဆောင်ရွက်ရေးကို ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အရေး ကြီးအဆိုကို တင်သွင်းအပ်ပါသည်" ဆိုပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရတာ နှစ်ပေါင်း ၇၀ ပြည့်ပါတော့မယ်။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှစွာပဲ စစ်အာဏာရှင် စနစ်အောက်မှာ နှစ်ပေါင်း ၅၀ ကျော်နေခဲ့ရပါတယ်။ အကျိုးဆက် အဖြစ် မြန်မာနိုင်ငံသားတွေဟာ လူတွေ အသက်ရှင်ရေး၊ ရေရရှိရေးနဲ့ ပတ်သက်ပြီးတော့တောင် စိတ်မအေးရသေးပါဘူး။ သဘာဝက နည်းနည်းလေး ဖေါက်ပြန်တာနဲ့ကိုပဲ အတိဒုက္ခရောက်ခဲ့ကြတာပါ။ တစ်နှစ်လည်း မဟုတ်၊ နှစ်နှစ်လည်း မဟုတ်၊ နှစ်ပေါင်းများစွာပါ။ စစ်အစိုးရ အဆက်ဆက်ဟာ ပြည်သူတွေ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး ကောင်းကောင်း ဆောင်ရွက်မပေး ခဲ့တာကြောင့် နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ကြုံခဲ့ရပါတယ်။ ရေရှားပါးမှုကြောင့် ဖြစ်ပွားရတဲ့ ရောဂါဘယ ကြောင့် လူတွေ သေဆုံးခဲ့ရသလို၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် မဖြစ်သင့်ပဲ ဖြစ်ရတဲ့ မီးဘေးသင့်မှုတွေကလည်း တစ်နှစ်တစ်နှစ် မနည်းမနောပါပဲ။ ရေကမရ၊ စိုက်ပျိုးရေးလည်း ကောင်းကောင်း လုပ်မရတော့ စီးပွားရေး ပျက်ရတာကလည်း တစ်ကြိမ်နှစ်ကြိမ် မက အကြိမ်ပေါင်း များစွာ ဖြစ်ခဲ့တာပါ။

အခြားနေရာတွေ မကြည့်ပါနဲ့၊ ရန်ကုန်ရွှေမြို့တော် တစ်ဖက်ကမ်း ဒလနဲ့ ဆိပ်ကြီးခနောင်တို ဘက်မှာဆိုရင်လည်း နှစ်စဉ် ရေရှားပါးမှုနဲ့ ကြုံကြရပါတယ်။ ပြည်သူတွေဟာ အရင် ပဒေသရာဇ် ခေတ်က အဆင့်အတန်းအတိုင်း မိုးရေကို မြေသားကန်ထဲမှာ သိုလှောင်ပြီး သုံးစွဲခဲ့ရတာပါ။ အရင် ရှေးခေတ်က အဲလို အသုံးပြုတာ သိပ်ပြသနာ မရှိပေမယ့် ရာသီဥတု ပူပြင်းပြောင်းလဲလာတဲ့ ဒီနေ့ ခေတ်၊ လူဦးရေ ထူထပ်များပြားလာတဲ့ မျက်မှောက်ခေတ်၊ ရောဂါဘယ ထူပြောလာတဲ့ ခေတ်သစ်မှာ တော့ အဲလို အဆင့်အတန်းနဲ့ နေထိုင်ရတာ အဆင်မပြေတော့ပါဘူး။ အလားတူ ရေငံဝင်တဲ့ ရန်ကုန် တိုင်း ကျောက်တန်းမြို့နယ်ဘက်က ကျေးရွာတွေမှာလည်း ကျေးရွာ ရေကန်တွေအပြင် အိမ်တိုင်း ကိုယ်စီလောက် နီးပါး ရာဝင်စဉ့်အိုးကြီးတွေနဲ့ မိုးရေ သိုလှောင် သုံးစွဲရလေ့ ရှိပါတယ်။ ဒါနဲ့ ပတ်သက် ပြီး စစ်အစိုးရ အဆက်ဆက် ဖြေရှင်းပေးတဲ့နည်းကတော့ “ပြည်သူတွေ ရေခက်ခဲနေကြပြီ။ ရေလှူကြ ပါ၊ ရေလှူကြပါ၊ စက်ရေတွင်း တစ်တွင်း ဘယ်လောက်၊ ရေစုတ်နိုင်တဲ့ စက်က ဘယ်လောက်” ဆိုပြီး ပြည်သူတွေ လှူကြဖို့ နှိုးဆော်တာပါပဲ။ သိပ်ပြီး အခြေအနေဆိုးတဲ့ မြို့နယ်၊ကျေးရွာတွေကိုတော့ ပြည်သူတွေကိုယ်တိုင် ကားကြီးကားငယ်နဲ့ ရေစည်တွေ၊ ရေဗူးတွေတင်ပြီး သွားလှူကြ တန်းကြတာ နှစ်စဉ် နှစ်တိုင်းပါပဲ။ ဒီလောက်ဆိုရင် အရင် စစ်အစိုးရ အဆက်ဆက်ဟာ ပြည်သူတွေရဲ့ တကယ့် အခြေခံ လိုအပ်ချက်တွေကိုတောင် အလေးအနက် မထားခဲ့ဖူးဆိုတာ၊ ပြည်သူ့ လိုအင်ဆန္ဒ မဖြည့် ဆည်းပေးနိုင်ဘူးဆိုတာ အလွန်ပေါ်လွင်ပါတယ်။

ရန်ကုန်တိုင်းအမတ် ဒေါ်စန္ဒာမင်းကလည်း ခုလို ပြောထားပါတယ်။ "ဒီသောက်ရေကနေ တူးထားတယ် ဆိုတာက ဟိုးရှေးခေတ်ကလုပ်ထားပြီးတော့ ပုံစံမပြောင်းဘူးဖြစ်နေတယ်၊ ၂ဝ၁၆ -၂ဝ၁၇ ရဲ့ဘတ်ဂျက်ကတော့ ရေးဆွဲပြီး သွားပြီ၊ ဒီထဲမှာတော့ ထည့်လို့မရတော့ဘူး၊ ဒါပေမဲ့ ထွေအုပ်နဲ့ အစည်းအဝေးမှာ ကျမတို့လုပ်ပါတယ်၊ ၂ဝ၁၇ - ၂ဝ၁၈ရဲ့လာမယ့် ဘတ်ဂျက်မှာတော့ ရေရှားပါးတဲ့ အတွက် သောက်ရေလှောင်ကန်တွေကို ဘယ်လိုလုပ်ကြမလဲ၊ လှောင်ကန်တွေကို ရပ်ကွက်တိုင်းမှာ ဘာတွေလုပ်ထားပေးမလဲဆိုတဲ့ အတွက် ကျမဘတ်ဂျက်ငွေ တော်တော်များများကိုတော့ သုံးစွဲဖို့ရှိ တယ်၊ ရေငန်တွေကို ရေချိုဖြစ်အောင်ဘယ်လို လုပ်မလဲ၊ ဘယ်နေရာကနေရေပိုက်သွယ် ပြီးပေး မလဲဆိုတာကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဖြေရှင်းပေးခဲ့ဖို့ကောင်းတယ်၊ ဟိုးတုန်းတည်းက ဖြစ်နေ တဲ့ကိစ္စတွေ၊ အဲ့ဒါတွေ မဖြေရှင်းပေးခဲ့တဲ့အတွက် ကျမတို့ ဘတ်ဂျက်ငွေတွေ တော်တော်များများ သုံးစွဲပြီး လုပ်ရမယ်လို့ ကျမထင်တယ်"

သူ့ပြောစကားအရ အရင် အစိုးရဟာ ပြည်သူတွေရဲ့ ဒီ အခက်အခဲ ပြသနာတွေကို ဖြေရှင်း ပေးမသွားတဲ့အပြင် နောင်တက်လာမယ့် အစိုးရ ဖြေရှင်းရခက်အောင် ဘတ်ဂျက်ထဲ ထည့်မဆွဲသွား ဘူးဆိုတာ မြင်နိုင်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ပေါ်ပေါက်နေတဲ့ ပြည်သူတွေ ရေမလုံလောက်မှု ပြဿနာ ဟာ အလွန်ကြီးမားတဲ့ ပြဿနာကြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ် ၁၄ ခုအနက် ၁၀ ခုလောက်မှာ အဲလိုပြဿနာ ရှိနေတာမို့ အလွန်ကျယ်ပြန့်တဲ့ ပြဿနာလည်း ဖြစ်ပါတယ်။ ဒီ လေးနက် ကြီးမားတဲ့ ပြဿနာကြီးကို လွှတ်တော်သစ် စကာစမှာပဲ ပြည်ခိုင်ဖြိုးက အမတ်တွေကရော၊ အင်န် အယ်လ်ဒီ အမတ်တွေကပါ အလေးအနက် ထားပြီး ကြိုးစားဖြေရှင်းမယ် ဆိုတာကတော့ အလွန်မ င်္ဂလာရှိတဲ့ သတင်းဖြစ်ပါတယ်။ ဒါကြောင့် နောင် တက်လာမယ့် အင်န်အယ်လ်ဒီ အစိုးရအနေနဲ့လည်း ဒီ ပြသနာကို ပထမ ဦးစားပေး ဖြေရှင်းရမယ့် စာရင်းထဲ ထည့်သွင်းပြီး အစွမ်းကုန် ဖြေရှင်းပေးဖို့ လိုအပ်နေပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly