အိန္ဒိယနိုင်ငံသားများ အလုပ်အကိုင်လိမ်ညာခံရပြီး မြန်မာနိုင်ငံထဲ တရားမဝင် ခေါ်ဆောင်ခံရ

အိန္ဒိယနိုင်ငံသားများ အလုပ်အကိုင်လိမ်ညာခံရပြီး မြန်မာနိုင်ငံထဲ တရားမဝင် ခေါ်ဆောင်ခံရ

စက်တင်ဘာလ ၁၉ ရက်

အိန္ဒိယနိုင်ငံသား ၆၀ ဦးကျော်သည် နိုင်ငံတကာ တရားမဝင်လုပ်ငန်းလုပ်ကိုင်သည့် အဖွဲ့တစ်ဖွဲ့၏ လိမ်ညာနှပ်ချခြင်းကို ခံရပြီး မြန်မာနိုင်ငံထဲသို့ တရားမဝင် ခေါ်ဆောင်ခံခဲ့ရသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်များက ပြောကြောင်း အိန္ဒိယပြည်တွင်းမီဒီယာများက ဖော်ပြသည်။

မြန်မာနိုင်ငံ မြဝတီမြို့တွင် ရှိသည် ဆိုသည့် အဆိုပါ နိုင်ငံတကာ တရားမဝင် လုပ်ငန်းအဖွဲ့သည် အိန္ဒိယနိုင်ငံသားများကို ထိုင်းနိုင်ငံတွင် အလုပ်အကိုင်များ ရရှိမည်ဟု ကမ်းလှမ်းရင်း အမြတ်ထုတ်ခဲ့ခြင်း ဖြစ်သော်လည်း ၎င်းတို့ကို မြန်မာနိုင်ငံထဲသို့ တရားမဝင် ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ မြဝတီမြို့သည် အာဏာသိမ်းစစ်ကောင်စီ၏ ထိန်းချုပ်မှုအောက် အပြည့်အဝ ရှိမနေဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်း လှုပ်ရှားနေကြောင်း အိန္ဒိယမီဒီယာက ဖော်ပြသည်။

အိန္ဒိယသံရုံးသည် မြဝတီဧရိယာတွင် ပိတ်မိနေသည့် အိန္ဒိယနိုင်ငံသား ၃၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်ရှိနေသူများကို အမြန်ဆုံး ကယ်တင်နိုင်ရေး ဆက်လက် ကြိုးပမ်းနေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရင်းမြစ်များက ပြောသည်။

၎င်းတို့ကို ကယ်တင်နိုင်ရန် သံရုံးအနေဖြင့် မြန်မာစစ်ကောင်စီနှင့်လည်း အနီးကပ်လုပ်ဆောင်လျက် ရှိကြောင်း သတင်းရင်းမြစ်များက ပြောသည်။ ထို့ပြင် ထိုဧရိယာသည် ဒေသအာဏာပိုင်တို့၏ ထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျား ရှိမနေသည့်အတွက် အိန္ဒိယနိုင်ငံသားများကို ကယ်တင်နိုင်ရေး စီးပွားရေး အသိုင်းအဝိုင်းအကြား အဆက်အသွယ်အသီးသီးမှတစ်ဆင့် ကြိုးပမ်းအားထုတ်နေမှုများလည်း ရှိနေကြောင်း သိရသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly