ပါကစ္စတန်တွင် ရေကြီးမှုကြောင့် စီးပွားရေးအရ ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၁၈ ဘီလီယံခန့် ရှိ

ပါကစ္စတန်တွင် ရေကြီးမှုကြောင့် စီးပွားရေးအရ ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၁၈ ဘီလီယံခန့် ရှိ

ပါကစ္စတန်နိုင်ငံတွင် မကြုံစဖူးသော ရေကြီးရေလျှံမှုများကြောင့် ဖြစ်ပေါ်သည့် စီးပွားရေးအရ ဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံနီးပါးခန့် ရှိသည်ဟု သိရပြီး ယင်းသည် အစောပိုင်းက ခန့်မှန်းခဲ့သည့် ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံထက် သိသိသာသာ ပိုတိုးလာခြင်းဖြစ်သည်။ ဆုံးရှုံးမှုတန်ဖိုးနှင့် ပတ်သက်၍ ဗဟိုအစိုးရက တွက်ချက်ခဲ့ကာ ပြည်နယ်များက ထောက်ခံချက်ပေးခဲ့သည်။

အဆိုပါ နိုင်ငံတွင် ရေကြီးမှုများ ဖြစ်ပေါ်ပြီးနောက် စိုက်ပျိုးရေးဆိုင်ရာ တိုးတက်မှုက ပိုမိုပြင်းထန်ကြီးမားသည့် ထိခိုက်သက်ရောက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ အကြီးအကျယ် ထိခိုက်ပျက်စီးစေသော ရေလွှမ်းမိုးမှုများကြောင့် သီးနှံ ဧကပေါင်း ၈ ဒသမ ၂၅ သန်းကို ပျက်စီးစေခဲ့သည်။ ယင်းသည် ကနဦး ခန့်မှန်းခဲ့သည့် ဧကပေါင်း ၄ ဒသမ ၂ သန်းနှင့် ယှဉ်ပါက ပိုများနေပြီး အဆိုပါ အခြေအနေများက စီးပွားရေး ဆုံးရှုံးမှုများကို ထပ်မံ မြင့်တက်စေကြောင်း The News International က ဖော်ပြသည်။

ဝါဂွမ်း၊ စပါးနှင့် အခြား သီးနှံများသည် ရေကြီးမှုကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ပြီး အကယ်၍ ရေဖောက်ထုတ်မှုကို သင့်လျော်ကောင်းမွန်စွာ မလုပ်နိုင်ပါက ယင်းသည် ဂျုံ စိုက်ပျိုးမှုအတွက် ကြီးလေးသည့် ပြဿနာများကို ဖြစ်စေနိုင်သည်။ နိုင်ငံ၏ ဒေသအများစုတွင် ဝါစိုက်ခင်းများ ပျောက်ပျက်သွားခဲ့သလို ယခုအခါ ဂျုံစိုက်ပျိုးမှုကလည်း ခြိမ်းခြောက်ခံနေရသည်။

နောက်လာမည့် သီးနှံအတွက် ဂျုံဆိုင်ရာ အနိမ့်ဆုံး ထောက်ပံ့ကြေးနှုန်းထားကို တိုးမြှင့်နိုင်ရေး အကျဉ်းရုံး သုံးသပ်ဖော်ပြချက်တစ်ခု လုပ်ဆောင်ရန် အမျိုးသား စာနပ်ရိက္ခာ ဖူလုံရေး ဝန်ကြီးဌာနကို တာဝန်ပေးထားသည်။

ထို့ပြင် ပါကစ္စတန် အာဏာပိုင်တို့သည်လည်း နိုင်ငံတကာ အလှူရှင်များနှင့် အစည်းအဝေးများ ပြုလုပ်ထားခဲ့ပြီး ရေကြီးမှုကြောင့် ဆုံးရှုံးမှုများကို လျော့ပါးသက်သာစေရန် ငွေတစ်ပြားတစ်ချပ်တိုင်းကို ပွင့်လင်းမြင်သာစွာ အသုံးချ နိုင်မည့် ထိရောက်သည့် စောင့်ကြည့်တွက်ချက်မှုစနစ် ဖော်ဆောင်မည် ဖြစ်ကြောင်း အာမခံခဲ့သည်ဟု The News International က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly