တရုတ်က ရုရှားနှင့် အဓိကအကျိုးစီးပွားများတွင် လက်တွဲလုပ်ဆောင်လိုကြောင်း သမ္မတ ရှီကျင့်ဖျင်ပြောကြား

တရုတ်က ရုရှားနှင့် အဓိကအကျိုးစီးပွားများတွင် လက်တွဲလုပ်ဆောင်လိုကြောင်း သမ္မတ ရှီကျင့်ဖျင်ပြောကြား

တရုတ်က ရုရှားနိုင်ငံနှင့် သက်ဆိုင်ရာ အဓိကအကျိုးစီးပွားများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအတွက် ပံ့ပိုးကူညီမှု တိုးမြှင့်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖျင်က စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။

တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်သည် စက်တင်ဘာ ၁၅ ရက်က ဥဇဘက်ကစ္စတန်နိုင်ငံ ဆာမာကန်မြို့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံရာစဉ် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း တရုတ်မီဒီယာ ဆင်ဟွာ သတင်းအေဂျင်စီက ဖော်ပြသည်။ ယခုနှစ်တွင် ဥဇဘက်ကစ္စတန်သည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ နိုင်ငံ့အကြီးအကဲများ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည်။

တရုတ်နိုင်ငံသည် ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် ချိတ်ဆက်မှု အပါအဝင် နယ်ပယ်များတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို လေးလေးနက်နက် လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖျင်က ပြောသည်။

သက်ဆိုင်ရာပါတီများအကြား စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်ယုံကြည်မှုကို မြှင့်တင်နိုင်ရေးအတွက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အာရှတွင် အပြန်အလှန်ဆက်ဆံမှုနှင့် ယုံကြည်မှုတည်ဆောက်မှုဆိုင်ရာ ညီလာခံ၊ BRICS နှင့် အခြား ကဏ္ဍစုံ ယန္တရားများအကြား နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် လုပ်ဆောင်ရန် ရှီက တောင်းဆိုခဲ့သည်။

ယူကရိန်းစစ်ပွဲစတင်ကတည်းက ပူတင်နှင့် ရှီတို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံခြင်းဖြစ်သည်။

တရုတ်နှင့် ရုရှားတို့သည် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရန်၊ ဒေသတွင်း လုံခြုံရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ထွန်းသစ်စဈေးကွက်နိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ထိန်းသိမ်းသင့်ကြောင်းလည်း တရုတ်သမ္မတက ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ဥဇဘက်ကစ္စတန်သည် SCO 2022 ၏ လက်ရှိဥက္ကဌဖြစ်ပြီး အိန္ဒိယသည် ဆာမာကန်ထိပ်သည်းအစည်းအဝေး ပြီးဆုံးချိန်တွင် SCO ၏ နှစ်စဉ်အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ယူမည်ဖြစ်သည်။

လက်ရှိ SCO တွင် တရုတ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ရုရှား၊ ပါကစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန် စသည့် အဖွဲ့ဝင် ၈ နိုင်ငံပါဝင်ပြီး အာဖဂန်နစ္စတန်၊ ဘီလာရုစ်၊ အီရန်နှင့် မွန်ဂိုလီးယားတို့သည် တင်းပြည့်အဖွဲ့ဝင်ဖြစ်လိုသည့် လေ့လာသူများဖြစ်ကာ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ကမ္ဘောဒီးယား၊ နီပေါ၊ သီရိလင်္ကာနှင့် တူရကီတို့က ဆွေးနွေးဖက် ၆ နိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required