ဆီးရီးယား စစ်ရပ်ဆိုင်းရေး အမေရိကန်နှင့် ရုရှားသဘောတူ

ဆီးရီးယား စစ်ရပ်ဆိုင်းရေး အမေရိကန်နှင့် ရုရှားသဘောတူ

ဒမတ်စကပ်၊ ဖေဖော်ဝါရီ ၂၃ ။               ။ ဆီးရီးယားတွင် တစ်စိတ်တစ်ပိုင်းစစ်ရပ်ဆိုင်းရေး အစီအစဉ်များကို အမေရိကန်နှင့် ရုရှားတို့က ကြေညာလိုက်သည်။ သို့သော်လည်း ကြီးမားသည့် သံသယများ ရှိနေဆဲဖြစ်သည်။ သဘောတူညီချက်မှာ စီစဉ်ထားသည့်အတိုင်း လာမည့်စနေနေ့တွင် သြဇာသက်ရောက်မည်ဖြစ်သည်။

သဘောတူညီချက်တွင် အိုင်အက်စ်အုပ်စုနှင့် အယ်လ်နပ်ဆရာတပ်ဦးကဲ့သို့ ဂျီဟတ်ဝါဒီများနှင့် သက်ဆိုင်မှုမရှိပေ။ ဆီးရီးယား၏ ရှုပ်ထွေးသည့် စစ်မြေပြင်တွင် သဘောတူညီချက် အကောင်အထည်ဖော်ရေးမှာ ကြီးမားသည့် အတားအဆီးများရှိနေသည်။

သောကြာနေ့ နေ့လည်တွင် ရန်လိုမှုများ ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာရန် သမ္မတဘာရှားအယ်လ်အာဆတ်နှင့် အတိုက်အခံတပ်ဖွဲ့ဝင်များကို တောင်းဆိုမည်ဖြစ်ပြီး ထိုနေ့သန်းကောင်ယံတွင် သဘောတူညီချက်အသက်ဝင်မည်ဖြစ်သည်။

ဦးဆောင်သူပုန်အုပ်စုက သဘောတူညီချက်ကို ချွင်းချက်ဖြင့် လက်ခံခဲ့ပြီး ဖေဖော်ဝါရီ ၂၃ရက်နေ့နောက်ပိုင်းက သဘောတူညီချက်ကို ကြေညာပြီးနောက် ဆီးရီးယားအစိုးရထံမှ ပြန်ကြားချက်မရသေးပေ။ သဘောတူညီချက်မှာ လူပေါင်း ၂၆၀,၀၀၀ကျော်သေဆုံးပြီး သန်းပေါင်းများစွာ အိမ်ယာပစ်ပြေးခဲ့ရသော ငါးနှစ်နီးပါးကြာ ဆီးရီးယားပြည်တွင်းစစ်ကို ဖြေရှင်းရန် မော်စကိုနှင့် ဝါရှင်တန်တို့၏ နောက်ဆုံး သံတမန်ရေးကြိုးပမ်းမှုဖြစ်စဉ်ဖြစ်သည်။

ပြည်တွင်းစစ်တွင် အမေရိကန်နှင့် ရုရှားမှာ ဆန့်ကျင်ဘက်တစ်ခုစီမှ ပါဝင်ပတ်သက်နေပြီး ရုရှားက အာဆတ်ကို ထောက်ခံသကဲ့သို့ အမေရိကန်ကလည်း အာဆတ်ကို ဆန့်ကျင်သည့် သူပုန်များကို အားပေးလျက်ရှိသည်။ "ဒီအချိန်ဟာ အခွင့်အခါကောင်းပါပဲ။ ဒါကိုပတ်သက်တဲ့ အဖွဲ့အားလုံးက အမြတ်ထုတ်နိုင်မည်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"ဟု အမေရိကန်သမ္မတဘားရက်အိုဘားမားနှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့ သဘောတူညီချက်ကို ဖုန်းဖြင့် ဆွေးနွေးပြီးနောက် အိမ်ဖြူတော်ပြန်ကြားရေးအတွင်းဝန် ဂျော့ရှ်အားနက်စ်က ပြောသည်။

သဘောတူညီချက်ကို ဒမတ်စကပ်က လေးစားမှုရှိရေး လိုအပ်ချက်မှန်သမျှ ဆောင်ရွက်သွားမည်ဟု ပူတင်က ပြောကြားသည်။ ထို့အပြင် အမေရိကန်အနေဖြင့်လည်း ၎င်း၏မဟာမိတ်နှင့် အဖွဲ့များ သဘောတူညီမှုကို လေးစားရေးဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပူတင်ကပြောသည်။ သဘောတူညီချက်မှာ ကြာရှည်စွာစောင့်မျှော်ခဲ့ရပြီး ပတ်သက်သည့် အဖွဲ့အားလုံး လိုက်နာကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်က တိုက်တွန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly