သက်ဆင်၏ ဆွေးနွေးရန်ကမ်းလှမ်းမှု ထိုင်းစစ်တပ်အကြီးအကဲ ပယ်ချ

သက်ဆင်၏ ဆွေးနွေးရန်ကမ်းလှမ်းမှု ထိုင်းစစ်တပ်အကြီးအကဲ ပယ်ချ

ဘန်ကောက်၊ ဖေဖော်ဝါရီ-၂၃ ။         ။ ထိုင်းစစ်တပ်အကြီးအကဲ သီရာချိုင်း နာကွာနစ်က မိုးခေါင်ရေရှားမှုဒဏ် ခံစားနေရသည့် ပြည်သူလူထုကိုသာ အာရုံစိုက်ထားသည်ဟု ပြောဆိုကာ   နိုင်ငံရေးအကျပ်အတည်းကို အစိုးရနှင့် ဆွေးနွေးရန် တိမ်းရှောင်နေရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ၏ ကမ်းလှမ်းချက်ကို အင်္ဂါနေ့က ပယ်ချခဲ့သည်။

‘သူ့ကို အာရုံမစိုက်ကြပါစို့နဲ့။ သူ့ဖာသာ ပြောချင်ရာပြောပါစေ။ သိပ်အလေးထားမနေပါနဲ့။ မိုးခေါင်ရေရှားမှုဒဏ် ခံစားနေရတဲ့ ပြည်သူတွေကိုပဲ အာရုံစိုက်သင့်ပါတယ်’ဟု ဗိုလ်ချုပ်ကြီး သီရာချိုင်းက ပြောကြားခဲ့သည်။

မိုးခေါင်ရေရှားမှုမှာ ယခုအခါ စိုးရိမ်ရသည့်အခြေအနေသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ပြည်သူလူထုများ သောက်သုံးရေနှင့် အခြားမရှိမဖြစ်ပစ္စည်များ ရရှိစေရန် နိုင်ငံတစ်ဝန်းလုံးရှိ စစ်တပ်များကို ညွှန်ကြားထားသည်ဟု စစ်တပ်အကြီးအကဲက ပြောကြားခဲ့သည်။

လာမည့်ရက်သတ္တပတ်တွင် မိုးခေါင်ရေရှားမှုကို တုန့်ခုခံရန် အစိုးရ-လူထု ပူးတွဲအစီအစဉ်ကို စစ်တပ်က တရားဝင် အကောင်အထည်မဖော်မီတွင် အကူအညီများ စောလျင်စွာ ပေးသင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

‘အခု မိုးခေါင်ရေရှားမှုဒဏ်ခံနေရတဲ့ ပြည်သူတွေက သူတို့နဲ့ အနီးဆုံး  စစ်တပ်၊ ရဲစခန်းတွေကို အကြောင်းကြားနိုင်ပြီး စစ်သားတွေက သူတို့ရဲ့ တောင်းဆိုချက်တွေကို အမြန်ဆုံး   ဖြည့်ဆည်းပေးလိမ့်မယ်’ဟု ဗိုလ်ချုပ်ကြီး သီရာချိုင်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly