တရုတ်နိုင်ငံကို ပိတ်ဆို့အရေးယူရေး တွန်းအားပေးရန် ထိုင်ဝမ်က အမေရိကန်တွင် နိုင်ငံခြား လွှတ်တော်အမတ်များနှင့် တွေ့ဆုံ

တရုတ်နိုင်ငံကို ပိတ်ဆို့အရေးယူရေး တွန်းအားပေးရန် ထိုင်ဝမ်က အမေရိကန်တွင် နိုင်ငံခြား လွှတ်တော်အမတ်များနှင့် တွေ့ဆုံ

ဝါရှင်တန်တွင် ထိုင်ဝမ်ကခန့်အပ်ထားသည့် သံအမတ်ကြီး ရှောင်ဘီကင်းသည် ထိုင်ဝမ်ကို ရန်လိုသော တရုတ် အပေါ် ပိတ်ဆို့အရေးယူများလုပ်ဆောင်နိုင်ရေးအတွက်   ထောက်ခံသည့် နိုင်ငံတကာ လွှတ်တော်အမတ် ဒါဇင်ပေါင်းများစွာနှင့် စက်တင်ဘာ ၁၃ ရက်က တွေ့ဆုံခဲ့ပြီး အမတ်များသည် တရုတ်၏ စစ်ရေးဖိအားကို ရင်ဆိုင်နေရသော ထိုင်ဝမ်ကို ထောက်ခံမှုပြသလိုက်ခြင်းဖြစ်သည်။

ဥရောပ၊ အာရှနှင့် အာဖရိကတို့မှ ပါလီမန်အမတ် ၆၀ ခန့်သည် ဝါရှင်တန်ရှိ Twin Oaks ဟုခေါ်သော တောင်ပေါ်ရှိ သံတမန်စံအိမ်တွင် ကြိုတင် ကြေညာထားခြင်းမရှိဘဲ တွေ့ဆုံခဲ့ကြပြီး ရုရှားက ယူကရိန်းကို ကျူးကျော်လိုက်ပြီးနောက်ပိုင်း  တရုတ်က ထိုင်ဝမ်ကို အင်အားသုံး ကျူးကျော်လာမည်ကိုစိုးရိမ်လာရသဖြင့် တရုတ်အား ဆန့်ကျင်ရန် ဒီမိုကရေစီနိုင်ငံများကို ဖျောင်းဖျသည့် ထိုင်ဝမ်၏အရွေ့ဖြစ်သည်။ 

ယခုသီတင်းပတ်တွင် ဝါရှင်တန်၌ တွေ့ဆုံသည့် တရုတ်ဆိုင်ရာ နိုင်ငံတကာပါလီမန်များဆိုင်ရာ မဟာမိတ်အဖွဲ့ (IPAC) မှ အဖွဲ့ဝင်များ ပါဝင်သော အဆိုပါအဖွဲ့သည် ထိုင်ဝမ်အပေါ် တရုတ်၏ စစ်ရေး သို့မဟုတ် အခြား အကျပ်ကိုင်မှုများကို ပိုမိုတားဆီးနိုင်ရေး ၎င်းတို့၏အစိုးရများကို တိုက်တွန်းရန် ကတိပြုလက်မှတ်ရေးထိုးမည်ဟု  မျှော်လင့်ရသည်ဟု Reutersက ရေးသားထားသည်။

ထိုင်ဝမ်နှင့်၎င်းနိုင်ငံများ၏ ဆက်ဆံရေးသည် တရုတ် ဆုံးဖြတ်ရန်မလိုကြောင်းနှင့် ပါလီမန်အမတ်များ အပြန် အလှန်လည်ပတ်သွားရေးတွန်းအားပေးရန်လည်း ဖော်ပြထားသည်။

အမေရိကန်သည် ထိုင်ဝမ်ကိုကျူးကျော်ခြင်းမှ ဟန့်တားနိုင်ရန် တရုတ်အား ပိတ်ဆို့အရေးယူမှုများလုပ်ဆောင်ရန် စဉ်းစားလျက်ရှိပြီး ဥရောပသမဂ္ဂကိုလည်း သံတမန်ဖိအားပေးလျက်ရှိသည်ဟု အဆိုပါကိစ္စနှင့် နီးစပ်သော သတင်းရင်းမြစ်များက RFA သို့ ပြောသည်။

ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါ၊ အိန္ဒိယ၊ ဂျပန်၊ လစ်သူယေးနီးယား၊ ယူကရိန်း၊ နယူးဇီလန်နှင့် နယ်သာလန်တို့ အပါအဝင် နိုင်ငံများစွာမှ ပါလီမန်အမတ်များအား ရှောင်က “ကျွန်တော်တို့မှာလည်း မိတ်ဆွေတွေ ရှိတယ် ဆိုတာကို အနိုင်ကျင့်သူကို ပြသဖို့အရေးကြီးပါတယ်” ဟု အစည်းအဝေးတွင် ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၄ တွင် လက်မှတ်ရေးထိုးဖွယ်ရှိသည့် IPAC ကတိကဝတ်တွင် တရုတ်နိုင်ငံ ရှင်ကျန်းဒေသရှိ အဓမ္မလုပ်အားပေးခိုင်းစေမှုဖြင့်ပြုလုပ်သောထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများကို တားမြစ်ရန်၊  ဟောင်ကောင်မှ အလွဲသုံးစားပြုလုပ်သော တရုတ်အရာရှိများနှင့် ရုရှားစစ်တပ်ကို ပံ့ပိုးပေးသည့် တရုတ်ကုမ္ပဏီများအပေါ် ပိတ်ဆို့ အရေးယူမှုများ ဆက်လက်လုပ်ဆောင်ရန်လည်း တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly