အိန္ဒိယက ဂျပန်၊ဩစတြေးလျတို့နှင့် တစ်ပြိုင်နက်တည်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေ

အိန္ဒိယက ဂျပန်၊ဩစတြေးလျတို့နှင့် တစ်ပြိုင်နက်တည်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေ

အိန္ဒိယနှင့် ဂျပန်တို့သည် ဘင်္ဂလားပင်လယ်အော်အတွင်း၌ JIMEX အမည်ပေးထားသည့် ပူးပေါင်းရေတပ် စစ်ရေးလေ့ကျင့်မှုတစ်ခုကို ပြုလုပ်နေသလို နိုင်ငံစုံပါဝင်သည့် Kakadu  စစ်ရေးလေ့ကျင့်မှုအတွက်လည်း အိန္ဒိယ၏ စစ်သင်္ဘောတစ်စင်းနှင့် ပင်လယ်ပြင် ကင်းလှည့်ရေယာဉ်တို့သည် ဩစတြေးလျသို့ ရောက်ရှိနေပြီ ဖြစ်သည်။ 

အဆိုပါ စစ်ရေးလေ့ကျင့်မှုများသည် အိန္ဒိယအနေဖြင့် Quad အဖွဲ့ဝင် ၂ နိုင်ငံဖြစ်သည့် ဂျပန်၊ ဩစတြေးလျတို့ နှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်နေကြောင်းကို အသိပေးခြင်း ဖြစ်သည်။ ထို့ပြင် အိန္ဒိယအနေဖြင့် အမေရိကန်နှင့် စစ်ရေးလေ့ကျင်မှုကို နှစ်စဉ် လုပ်ဆောင်လျက်ရှိသည်။

ယခုပြုလုပ်နေသည့် ၆ ကြိမ်မြောက် JIMEX စစ်ရေးလေ့ကျင့်မှုတွင် ဂျပန်စစ်တပ်က ရဟတ်ယာဉ်တင်သင်္ဘော Izumo နှင့် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော Takanami တို့ ပါဝင်ခဲ့သည်။

အိန္ဒိယကလည်း ဘက်စုံသုံး ရေဒါပျောက် ဖရီးဂိတ်စစ်သင်္ဘော INS Sahyadri နှင့် ရေငုပ်သင်္ဘောဖျက် အမြန်ရေယာဉ်များဖြစ်သည့် INS Kadmatt နှင့် INS Kavaratti MiG-29K ဂျက်လေယာဉ်များ၊ ရဟတ်ယာဉ်များနျင့် ကင်းလှည့် ရေယာဉ်များ ပါဝင်ခဲ့ကြသည်။ 

“ဂျပန် သင်္ဘောတွေကိုတော့ Escort Flotilla Four ၏ တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဟီရာတာတိုရှိယူခီက ဦးဆောင်ခဲ့သလို အိန္ဒိယ၏ အရှေ့ပိုင်း သင်္ဘောတပ်ဖွဲ့ကို ရေတပ်ဗိုလ်ချုပ်ကြီး ဆန်ဂျေးဘာလာက ဦးဆောင်ခဲ့တယ်” ဟု အရာရှိတစ်ဦးက ပြောကြားသည်။

ထို့ပြင် အိန္ဒိယ၏ ရေဒါပျောက် ဖရီးဂိတ် စစ်သင်္ဘော INS Satpura နှင့် ခရီးရှည်သွား P-8I ပင်လယ်ပြင် ကင်းလှည့်လေယာဉ်တို့သည် ဩစတြေးလျက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂ ပတ်ကြာ Kakadu စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ယခုအခါ ဒါဝင်မြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly