COVID-19 ကပ်ရောဂါကြီး မကြာခင် ပြီးဆုံးဖွယ် ရှိဟု WHO အကြီးအကဲ ပြော

COVID-19 ကပ်ရောဂါကြီး မကြာခင် ပြီးဆုံးဖွယ် ရှိဟု WHO အကြီးအကဲ ပြော
Photo - AFP

September 15

ကမ္ဘာတွင် COVID-19 ရောဂါ ကူးစက်ခံရသူအသစ် အရေအတွက်က သိသိသာသာ ကျဆင်းလာခဲ့သည်ဖြစ်ရာ ကမ္ဘာ့နိုင်ငံများအနေဖြင့် ထိုကပ်ရောဂါကြီးကို အဆုံးသတ်နိုင်မည့် အခွင့်အရေးကို လက်မလွှတ်တမ်း အသုံးချကြရမည် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က စက်တင်ဘာ ၁၄ ရက်တွင် တိုက်တွန်းသွားခဲ့သည်။

၂၀၁၉ ခုနှစ်ကုန်နောက်ပိုင်း လူသန်းချီကို အသက်ဆုံးရှုံးစေခဲ့သည့် အဆိုပါ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားသူအသစ်ဦးရေသည် ပြီးခဲ့သည့် သီတင်းပတ်က ဆိုလျှင် ၂၀၂၀ မတ်လနောက်ပိုင်း အနိမ့်ဆုံး လယ်ဗယ်သို့ ကျဆင်းခဲ့သည်ဟု WHO အကြီးအကဲ တက်ဒရို့စ် အက်ဒ်ဟာနွန် ဂီဘရီယီဆက်က ပြောသည်။

“ကျွန်တော်တို့ဟာ ဒီ ကပ်ရောဂါကြီးကို အဆုံးသတ်ဖို့ ပိုကောင်းတဲ့ အနေအထားတစ်ခုကို အရင်ဘယ်တုန်းကမှ မရခဲ့ပါဘူး” ဟု ၎င်းက သတင်းထောက်များကို ပြောသည်။ “ကျွန်တော်တို့ဟာ ဒီကပ်ရောဂါ ပြီးဆုံးတဲ့ အခြေအနေကို မရောက်သေးပါဘူး။ ဒါပေမယ့် အဲဒါက နီးကပ်လာနေပြီး မကြာခင် ဖြစ်နိုင်ဖွယ် ရှိပါတယ်” ဟု ၎င်းက ပြောသည်။

သို့သော် ကမ္ဘာကြီးအနေဖြင့် “ဤအခွင့်အရေးကို ဖမ်းဆုပ်ရန်” အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် လိုကြောင်း ၎င်းက ပြောသည်။

“ဒီ အခွင့်အရေးကို ခုချိန်မှာ ကျွန်တော်တို့ မယူဘူးဆိုရင် ကျွန်တော်တို့ဟာ နောက်ထပ် မျိုးကွဲတွေ၊ နောက်ထပ် သေဆုံးမှုတွေ၊ နောက်ထပ် ပျက်ပြားမှုတွေ၊ နောက်ထပ် မသေချာမရေရာမှုတွေနဲ့ ကြုံရနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

COVID-19 နှင့် ပတ်သက်ပြီး WHO ၏ ကူးစက်ရောဂါဆိုင်ရာ နောက်ဆုံး အစီရင်ခံစာအရ စက်တင်ဘာ ၁၁ ရက်တွင် ကုန်ဆုံးသည့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကူးစက်ဖြစ်ပွားသူ အရေအတွက်သည် ၂၈ ရာခိုင်နှုန်း ကျဆင်းပြီး ၃ ဒသမ ၁ သန်း ဖြစ်ကာ ထိုမတိုင်မီ အစောပိုင်း သီတင်းပတ်က ၁၂ ရာခိုင်နှုန်း ကျဆင်းထားခဲ့ကြောင်း သိရသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly