မြေယာပဋိပက္ခသည်လည်း အစိုးရသစ်ဖြေရှင်းရမည့် အချက်တစ်ချက်အဖြစ် ပါဝင်

မြေယာပဋိပက္ခသည်လည်း အစိုးရသစ်ဖြေရှင်းရမည့် အချက်တစ်ချက်အဖြစ် ပါဝင်

မြေယာများ သိမ်းဆည်းခဲ့မှုအတွက် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ထိရောက်သည့် ဖြေရှင်းမှုမရှိခဲ့ခြင်းကြောင့် နောက်တက်လက်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်မည့် အစိုးရ လက်ထက်တွင် ထိရောက်သည့် ဖြေရှင်းမှုနှင့် စနစ်ကျသည့် စီမံခန့်ခွဲမှု လိုအပ်နေပြီဟု ၈၈ မျိုးဆက် ကျောင်းသားဟောင်း တစ်ဦးလည်းဖြစ် မြေယာဥပဒေများနှင့် ပတ်သက်သည့် သင်တန်းများပို့ချနေသူ ဦးတိုးကျော်လှိုင်က သတိပေးလိုက်သည်။

“မြေယာ သိမ်းဆည်းမှုတွေကို ဖြေရှင်းနိုင်မယ့် ကော်မတီတွေဖွဲ့ပြီးတော့ တကယ်လိုအပ်တာ မဟုတ်တဲ့ မြေတွေကို ပြန်ပေးရမယ်၊ တကယ်လိုအပ်တဲ့ ပမာဏ ဆိုရင်လည်း တကယ်အဆင်ပြေတဲ့ နေရာမှာ ပြန်ပြီးတော့ အစိုးထိုးပြီး ပြန်ပေးတာမျိုး လေ ျှာ်ကြေးကတော့ ကျနော်တို့ အတွေ့အကြုံအရ ကောင်းမွန်တဲ့ ဖြေရှင်းမှုမျိုးမဟုတ်ဘူး။ သေချာတာကတော့ မြေယာ ပြဿနာနဲ့ ပတ်သက်ပြီး စနစ်တကျ စီမံခန့်ခွဲဖို့တော့ လိုလိမ့်မယ်” ဟု ပြောသည်။

ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင်လည်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းခဲ့သော်လည်း ထိရောက်သည့် ဖြေရှင်းဆောင်ရွက်မှုများ မရှိခဲ့ဟုလည်း ဦးတိုးကျော်လှိုင်က ဝေဖန်သည်။

“ထိရောက်တဲ့ ဖြေရှင်းဆောင်ရှင်းဆောင်ရွက်မှုမျိုး တော်တော်နည်းတာကိုတွေ့ရတယ်။ ကော်မတီတွေဟာ သီးခြား လွတ်လပ်တဲ့ ကော်မတီတွေ မဟုတ်တဲ့အတွက် ကော်မတီရဲ့လုပ်ဆောင်ချက်တွေဟာ အများကြီး အကန့်အသတ် ဖြစ်နေတာ တွေ့ရတယ်” ဟု ပြောသည်။ အဆိုပါ ကော်မရှင်ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ဒုတိယပတ်အတွင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်ပေါင်း ၆၀ ကျော်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကော်မရှင်၏ ကြိုးပမ်းမှုကြောင့် သိမ်းဆည်းခံ လယ်မြေများ ပြန်လည် ပေးအပ်ခဲ့သော်လည်း ၁ ရာခိုင်နှုန်းမ ျှသာရှိသည်ဟုလည်း ဦးတိုးကျော်လှိုင်က ဆိုသည်။

“သိမ်းဆည်းခံ လယ်ယာမြေနဲ့ ပြန်ပေးတဲ့ လယ်ယာမြေ အချိုးအစားကို ပြန်ပြီး ကြည့်မယ်ဆိုရင် ၁ ရာခိုင်နှုန်းလောက်ပဲ ပြန်ပြီးတော့ စွန့်လွှတ်တာကို ကျနော်တို့ တွေ့ရတယ်။ သိမ်းဆည်းခံ လယ်ယာမြေက ရာဂဏန်းလောက် ရှိမယ်ဆိုရင် ပြန်ပေးတဲ့ လယ်မြေက ဆယ်ဂဏန်းလောက်ပဲ ရှိမယ်။ အဲ့ဒီတော့ ထိရောက်တဲ့ ဖြေရှင်းမှုမျိုး ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာတော့ မတွေ့ခဲ့ရဘူး” ဟု ပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပါအဝင်၊ မြေယာပဋိပက္ခများ ဖြေရှင်းရမည့် နိုဝင်ဘာ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒတွင် အပိုင်း ၁၂ ပိုင်းပါဝင်ပြီး အဆိုပါ ကဏ္ဍများတွင် စီးပွားရေး၊ တောင်သူလယ်မား၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ အလုပ်သမား၊ ကျန်းမာရေး စသည်တို့ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags