ထိုင်း စစ်တပ်အဆောက်အအုံ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ လူ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

ထိုင်း စစ်တပ်အဆောက်အအုံ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ လူ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ
Photo - AFP

September 14

ထိုင်းနိုင်ငံ ဘန်ကောက်ရှိ စစ်ဖက်ဆိုင်ရာ အဆောက်အအုံတစ်ခု၌ စက်တင်ဘာ ၁၄ ရက်က သေနတ်ကိုင်ဆောင်ထားသူတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးပြီး အခြားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့နှင့် စစ်တပ်က ပြောသည်။

မြို့တော် မြောက်ဘက်ရှိ စစ်တပ် အဆောက်အအုံများ ရှိရာနေရာရှိ စစ်တပ် လေ့ကျင့်ရေး ကွပ်ကဲမှုဌာန၌ အဆိုပါ ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပြီးနောက် သံသယရှိသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အမျိုးသားရဲတပ်ဖွဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ကစ်ဆာနာ ဖာသန်နာချာရွန်းက ပြောသည်။

သေနတ်ပစ်ခတ်သည့် သံသယရှိသူသည် စစ်သားတစ်ဦး ဖြစ်သည်ဟု ပြည်တွင်း မီဒီယာက ဖော်ပြပြီး ပစ်ခတ်မှု၏ အကြောင်းရင်း ရည်ရွယ်ချက်များနှင့် ပတ်သက်ပြီး လက်တလော ရှင်းရှင်းလင်းလင်း မသိရသေးပေ။

“ပစ်ခတ်မှုကြောင့် လူသေဆုံး ဒဏ်ရာရတာတွေ ဖြစ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အခြေအနေကို ထိန်းချုပ်ထားနိုင်ပါပြီ” ဟု ကစ်ဆာနာ ဖာသန်နာချာရွန်းက အေအက်ဖ်ပီကို ပြောသည်။

“သံသယရှိသူတစ်ဦးကို ကျွန်တော်တို့ ထိန်းသိမ်းထားလိုက်ပါပြီ”

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က အဆိုပါနိုင်ငံတွင် စစ်သားတစ်ဦးက ၁၇ နာရီကြာ ရမ်းကား သောင်းကျန်း ပစ်ခတ်မှုကြောင့် လူ ၂၉ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်က နိုင်ငံကို တုန်လှုပ်စေခဲ့သည်။ အဆိုပါ စစ်သားကို အထူးကွန်မန်ဒိုများက အသေပစ်သတ်ခဲ့ရသည်။

အဆိုပါ ၂၀၂၀ ပစ်ခတ်မှုဖြစ်စဉ်က သေနတ်သမားဖြစ်သည့် အရာခံဗိုလ် ဂျာကရာပန့်သ် သွန်မာ နှင့် အထက်စီနီယာ အရာရှိတစ်ဦးအကြား ကြွေးမြီကိစ္စ အငြင်းပွားမှုတစ်ခုနှင့် ဆက်နွယ်ပတ်သက်နေခဲ့သည်။

ထိုင်းနိုင်ငံတွင် စစ်တပ်သည် နိုင်ငံရေးမှ စပြီး စီးပွားရေးအထိ ကဏ္ဍ အများအပြားတွင် အားကောင်းသည့် လွှမ်းမိုးဩဇာ ရှိပြီး များမကြာမီ ၂၀၁၄ ခုနှစ်အပါအဝင် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း အကြိမ်အများအပြား အာဏာသိမ်းမှုများ ပြုလုပ်ထားခဲ့သည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required