အာဖဂန်တွင် မီဒီယာဥပဒေကို ပြင်ဆင်ရန် တာလီဘန်တို့ စီစဉ်နေခြင်းကြောင့် အခြေအနေဆိုးရွားလာနိုင်

အာဖဂန်တွင် မီဒီယာဥပဒေကို ပြင်ဆင်ရန် တာလီဘန်တို့ စီစဉ်နေခြင်းကြောင့် အခြေအနေဆိုးရွားလာနိုင်
Photo: EPA

အာဖဂန်နစ္စတန်တွင် တာလီဘန်အရာရှိများက သတင်းမီဒီယာစာအုပ်များ၏ ယဉ်ကျေးမှုနှင့် ဘာသာရေးအခန်းများကို အပြောင်းအလဲများ ပြုလုပ်ရန်နှင့် လူထုသတင်းမီဒီယာဥပဒေကို ပြင်ဆင်ရန် စီစဉ်လျက်ရှိရာတွင် အဆိုပါနိုင်ငံရှိ မီဒီယာသမားများ၏ အခြေအနေက ပိုဆိုးလာနိုင်ဖွယ် ရှိနေသည်။

“ယဉ်ကျေးမှုနဲ့ ဘာသာရေး အခန်းအပိုင်းတွေမှာ အပြောင်းအလဲအချို့ ကျွန်တော်တို့ လုပ်သွားပါမယ်။ ပြီးရင် အဲဒါကို အတည်ပြုဖို့ အစိုးရခေါင်းဆောင်ပိုင်းဆီ ပေးပို့သွားပါမယ်။ မကြာခင်မှာ အဲဒါကို မီဒီယာကို အသိပေး သွားပါမယ်” ဟု တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇာဘီယူလာ မူဂျာဟစ်က တွစ်တာတွင် ရေးသည်။

ထို့ပြင် ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနကလည်း လူထုသတင်းမီဒီယာ ဥပဒေကို ပြန်လည် သုံးသပ်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အာဖဂန်နစ္စတန်တွင် သတင်းမီဒီယာသမားများအပေါ် ရက်စက် ယုတ်မာသည့် လုပ်ရပ်များ ကျူးလွန်နေခြင်းအပေါ် များစွာ စိုးရိမ်ပူပန် ကြောင်း အာဖဂန် ဂျာနယ်လစ်များ စင်တာ (AFJC) က ထုတ်ဖော်ထားသည်ဟု Khaama Press က ဖော်ပြသည်။

အာဖဂန် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ခေတ္တဝန်ကြီးကလည်း နိုင်ငံ၏ မီဒီယာ ဥပဒေကို ပြင်ဆင်မည့်အကြောင်း ထပ်လောင်း ပြောကြားခဲ့သလို ယမန်နှစ်က နိုင်ငံတွင် အစ္စလမ္မစ်စံတန်ဖိုးများကို ဆန့်ကျင်နေပြီး ပြင်ဆင်ရန် လိုအပ်သည့် စာအုပ်ပေါင်း ၁၅၀ ကို ထုတ်ဖော်တွေ့ရှိထားကြောင်း ပြောခဲ့သည်ဟု အာဖဂန်မီဒီယာအေဂျင်စီက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly