လူထုအခြေပြု မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့ အာဏာပိုင်များ၏ ခွင့်ပြုချက်မရသော်လည်း ဆက်လက် ထွက်ခွာမည်

လူထုအခြေပြု မူးယစ်ဆေးဝါးတုုိက်ဖျက်ရေးအဖွဲ့ အာဏာပိုင်များ၏ ခွင့်ပြုချက်မရသော်လည်း ဆက်လက် ထွက်ခွာမည်
ဓာတ်ပုံ - Khon Ja

ချင်းမိုင်၊ဖေဖော်ဝါရီ ၂၃ ။              ။ တားဆီးခံနေရသော လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး (Pat Jasan-PJS)အဖွဲ့မှ လူအင်အား ၁၀၀၀၀ ခန့်သည် အာဏာပိုင်များ၏ ခွင့်ပြုချက် မရသော်လည်း ယနေ့ ဖေဖော်ဝါရီ  ၂၃ ရက် မွန်းလွဲပိုင်း၂ နာရီတွင် ချီဖွေဒေသသို့ စတင်ထွက်ခွာရန် အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ လူငယ်များလည်း ယနေ့ နံနက် ၁၁ နာရီတွင် စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် လူစုစည်းကာ တားဆီး ပိတ်ပင်ခံနေရသော နေရာသို့ သွားရောက် အင်အားဖြည့်တင်းကာ စတင် ထွက်ခွာကြမည် ဖြစ်ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC)၏ အထွေထွေအတွင်းရေးမှူး ဆရာကြီး ခလမ်ဆမ်စွန်က မဇ္ဈိမကို ပြောသည်။

ဝိုင်းမော်မြို့နယ် ဆဒုံး၊ ကန်ပိုင်တီ၊ ချီဖွေမြို့နယ်ခွဲ ဒေသများတွင် သောင်းနှင့်ချီသော ဘိန်းခင်းများ ဖျက်ဆီးရန် ထွက်ခွာခဲ့သော ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အင်အား ၃၀၀၀ ခန့်ကို ဝိုင်းမော် မြို့နယ် ဆဒုံး၊ ချီဖွေကားလမ်းဆုံဂိတ်မှ အစိုးရ စစ်တပ်မှ ဖေဖော်ဝါရီလ ၁၆ ရက်မှ ယနေ့ထိ ဖြတ်သန်းခွင့် မပေးဘဲ တားဆီးခဲ့ခြင်း ဖြစ်သည်။

“၂ နာရီမှာစထွက်မယ်။ ခွင့်ပြုချက်က မရှိပါဘူး။ ညှိတော့ ညှိနှိုင်းနေပါတယ်။ မဖြစ်နိုင်ဘူးထင်ပါတယ်။ ဒါအားလုံး ပါဝင်ရမဲ့ လုပ်ငန်းဖြစ်နေတာ။ ဒါကို ပိတ်ပင်တားဆီးတယ်ဆိုရင်တော့ တမျိုး ဖြစ်သွား မှာပေါ့။ အခုလည်း ရဲမင်းကြီးနဲ့ ဆွေးနွေးဖို့ သွားနေပါတယ်”ဟု ဆရာကြီး ခလမ်ဆမ်စွန်က ပြောသည်။

ဘိန်းခင်းများ သွားရောက် ဖျက်ဆီးရန် ခွင့်ပြုချက် ရရှိရေးအတွက် PJS အဖွဲ့ခေါင်းဆောင်များနှင့် ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် သွားရောက်နေဆဲ ဖြစ်ကြောင်း ခွင့်ပြုချက်မရရှိသော်လည်း စတင်ထွက်ခွာမည် ဖြစ်ကြောင်း သူက ပြောသည်။

ဘိန်းစိုက်သူများနှင့် ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တို့ တားဆီးခြင်းမဟုတ်ဘဲ ပဋိပက္ခ မဖြစ်ပွားစေရန် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၁၇ ရက်က ပြောဆိုထားသည်။

လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်မှ စတင်၍ ကချင်ပြည်နယ် ပူတာအို၊တနိုင်(ဟူးကောင်း) ချီဖွေ၊ ကန်ပိုင်တီ ဒေသများရှိ ဘိန်းခင်း ဧက ၃၀၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့ပြီး ဖြစ်သော်လည်း ကန်ပိုင်တီ၊ ချီဖွေဒေသများတွင် ဘိန်းခင်း အများအပြား ဖျက်ဆီးရန် လိုအပ်နေသေးသဖြင့် ထပ်မံ သွားရောက် ဖျက်ဆီးရန် လုပ်ဆောင်မှုကို တားဆီးခံနေရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly