ယူကရိန်းက နယ်မြေများ ပြန်သိမ်းလာချိန် ရုရှတပ်များက ‘အိုလံပစ် တာတိုအပြေးသမားများ’ လို တစ်ဟုန်ထိုး ထွက်ပြေး 

ယူကရိန်းက နယ်မြေများ ပြန်သိမ်းလာချိန် ရုရှတပ်များက ‘အိုလံပစ် တာတိုအပြေးသမားများ’ လို တစ်ဟုန်ထိုး ထွက်ပြေး 

စက်တင်ဘာ ၁၃

နိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် ယူကရိန်းလက်နက်ကိုင် တပ်များ အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်ရာ၌ ရုရှတပ်များသည် “အိုလံပစ် တာတိုအပြေးသမားများ” ကဲ့သို့ တစ်ဟုန်ထိုး ထွက်ပြေးကြကြောင်း၊ တင့်ကားများနှင့် စစ်လက်နက်ပစ္စည်းများကို စွန့်ပစ်ထွက်ပြေးပြီး လွတ်ရာလွတ်ကြောင်းအတွက် စက်ဘီးများဖြင့်ပင် အသော့နှင် ထွက်ပြေးခဲ့ကြခြင်း ဖြစ်ကြောင်း အရှေ့မြောက်ပိုင်းက ရုရှတပ်များကို ဖြိုလှဲရေး မဟာဗျူဟာ ဦးဆောင်နေသည့် ယူကရိန်းတပ်မှူး ပီထရို ကူဇိုင်က Fanancial Times သို့ တနင်္ဂနွေနေ့တွင် ပြောသည်။ 

ယူကရိန်းစစ်တပ်သည် အကန့်အသတ်ရှိသော အနောက်အုပ်စု၏ စစ်လက်နက်များကို အစီအစဉ်ကျကျ၊ မှန်မှန်ကန်ကန်နှင့် ပါးနပ်ချက်ချာစွာ ဂရုတစိုက် အသုံးချနေခြင်းဖြစ်ပြီး ခြောက်ရက်အတွင်းမှာပင် ခန့်မှန်းခြေ စတုရန်းကီလိုမီတာ ၃,၀၀၀ ရှိ နယ်မြေများကို ရှရှလက်မှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကူဇိုင်က ပြောသည်။ အဆိုပါ မကြာသေးခင် ယူကရိန်းနယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ခြင်းသည် ယူကရိန်းစစ်တပ်အတွက် မတ်လအတွင်းက မြို့တော် ကိယက်ဗ်မှ ကျူးကျော်သူ ရုရှတပ်များကို မောင်းထုတ်လိုက်သည့်နောက်၌ အကြီးကျယ်ဆုံး အောင်ပွဲပဲ ဖြစ်သည်။ ယခု တန်ပြန်ထိုးစစ်များသည် ခုနစ်လ ကြာမြင့်ပြီဖြစ်သော လက်နက်ကိုင်ပဋိပက္ခအတွင်း အချိုးအကွေ့တစ်ရပ်လည်း ဖြစ်လာသည်။ 

ယူကရိန်းတပ်များသည် ရုရှကျူးကျော်ထားသော ဒေသများမှ အရှေ့မြောက်ပိုင်း နယ်မြေများတွင် တနင်္ဂနွေနေ့က ထိုးစစ်ဖိခြင်း ဖြစ်သည်။ ပြင်းထန်သော တိုက်ပွဲများကြောင့် ရေဒီယိုဓာတ်သတ္တိကြွမှု ဘေးအန္တရာယ်ကို ကာကွယ်တားဆီးနိုင်ရန် တောင်ပိုင်းဒေသက နျူကလီးယားဓာတ်အားပေးစက်ရုံကိုလည်း လုံးဝပိတ်သိမ်းထားသည်။ ယင်း ဒေသကို ယူကရိန်းတပ်များက အောင်မြင်စွာ သိမ်းပိုက်နိုင်ပြီး ရုရှမှာ စစ်ကြောင့် အသေအပျောက် မြင့်တက်မှုကို ရှောင်လွှဲနိုင်ရန် တပ်များကို ပြန်ရုပ်ခဲ့ရသည်။ ယူကရိန်းတပ်များ၏ ဝိုင်းရံပိတ်ဆို့မှု ခံရခြင်းကြေငါ့် ရုရှစစ်သားများသည် လက်နက်ခဲယမ်း အမြောက်အမြားကို ထားရစ်ခဲ့ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။ ယင်း ယူကရိန်း၏ အောင်ပွဲနေ့ တနင်္ဂနွေနေ့သည် ရုရှ၏ ကျူးကျော်စစ် ဆင်နွှဲလာသည့် ရက် ၂၀၀ မြောက်လည်း ဖြစ်သည်။ 

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ အကြံပေးက ပြောလာခဲ့သည်မှာ ၎င်းတို့တပ်များတွင် လက်နက်ကြီးကျည် ပြတ်တောက်သွားသည့်အချိန်၌ ရုရှဘက်က “တိုက်ခိုင်မှု ရပ်သွားခဲ့ပြီး” လက်နက်ချ ထွက်ပြေးခဲ့ကြသည့် ဂွကျကျ အသာစီးရရှိမှုကို ရရှိခဲ့သည်ဟု ဆိုသည်။ ရုရှတပ်များ အသုံးပြုနေသော သေနင်္ဂဗျူဟာဖြစ်သည့် အဓိက ရထားလမ်းများနှင့် ထောက်ပို့အချက်အချာများကို သိမ်းယူပိတ်ဆို့ခြင်း အပါအဝင်ဖြစ်သည့် “David versus Goliath” မဟာဗျူဟာအတိုင်း စစ်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလစ်ဆီး ရက်ဇ်နီကော့ဗ်က ပြောသည်။ ရှေးဦးစွာ ရုရှတပ်များ “အစောင့်ကောင်းစွာ ချထားသည့် ရှေ့တန်းစစ်မျက်နှာ” ဖြစ်သော ဘာလက်ခ်လီယာကို တန်ပြန်ထိုးစစ် စတင်ဆင်နွှဲခြင်း ဖြစ်သည်ဟု ကူဇိုင်က ပြောသည်။ 

နိုင်ငံ၏ ဒုတိယအကြီးဆုံး ခါကိဗ်မြို့တွင် ယူကရိန်းစစ်သားများ ထိုးစစ်ဆင်လာခဲ့၍ ရုရှတပ်များသည် လွတ်မြောက်ရေးအတွက် ထွက်ခွာခဲ့ကြပြီး အရှေ့ပိုင်း ခါကိဗ်ဒေသက နယ်မြေနှစ်ခုမှ ရုရှတပ်များ တပ်နုတ်ထွက်ခွာခဲ့ကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ “ဒီနေ့တွေမှာ ရုရှတပ်တွေဟာ သူတို့ တတ်နိုင်သမျှ အကောင်းဆုံးကို ဆောင်ရွက်ခဲ့ကြတယ်၊ အဲဒါကတော့ ကျောခိုင်းထွက်ခွာသွားတာပဲ”ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောသည်။ “ပြီးတော့ ထွက်ပြေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကောင်းကို ချခဲ့ကြတာပါပဲ”ဟု ၎င်းက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly