တအားပေါက်လို့ တံတားပျောက်မှာ သားကြောက်တယ် မေမေ

တအားပေါက်လို့ တံတားပျောက်မှာ သားကြောက်တယ် မေမေ

အတိတ်ကာလတုန်းက မောင်မှန်တို့ ဗမာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ကြပြီး ပါပြီ။ ဒါကို သင်ခန်းစာယူလို့မို့ ယခု ပစ္စုပ္ပန်မှာ စည်းကမ်းရှိကြဖို့ လိုပါတယ်။ ဒါပေမယ့်လည်း သိတဲ့အ တိုင်း ဗမာလူမျိုးပဲဟာ ဘယ်ရလိမ့်မလဲ၊ ထီးနန်းပျော်ခါမှ ပျောက်ရော၊ စည်းကမ်းဖောက်လိုက်သမှ ငါးမမျှားဆို မျှားတယ်။ ကွမ်းတံတွေး မထွေးရဆို ထွေးတယ်၊ မြို့လယ်မှာ လူကူးခုံးကျော် လုပ်ပေး ထားလည်း အောက်ကပဲ ကူးတယ်။ (ဖမ်းတဲ့သူ မရှိရင်ပေါ့၊ အဲဒီ့ အထဲ မောင်မှန်လည်း ပါတယ်။ စည်းကမ်းဖောက်ချင်လှလို့ မဟုတ်ပါဘူး၊ ဒူးမကောင်းတဲ့အတွက် အတက်အဆင်း အဆင်မပြေလို့ပါ။) မီးပွိုင့်အတက်အဆင်း မလုပ်နဲ့ဆို လုပ်တယ်။ အပေါ့မစွန့်ရဆို စွန့်တယ်။

ဟော အခု အပေါ့စွန့်လို့ ပြဿနာပေါ်ပြီ၊ ပုသိမ်က ကြိုးတံတားကြီးလေ၊ တံတားကြီးပေါ် အပေါ့မစွန့်ရဆိုပြီး ဆိုင်းဘုတ်ရေးထား၊ မထားတော့ မောင်မှန် မသိပါဘူး။ သို့ပေသည့် လူတွေပဲဟာ လူလိုသိရမှာပေါ့၊ ဖြစ်ပုံကလည်း ကြည့်ဦး၊ ဘေလီဆွဲ မူလီတွေ ပြုတ်ထွက်ပြီး တံတားကြီး အောက်နိမ့် ကျသွားတဲ့၊ အဲဒါကို လာပြီး ပြင်ဆင်တဲ့ အင်ဂျင်နီယာတွေက ခုလို ပြောပြပါတယ်။ တံတားပေါ်မှာ ညစဉ် လာအပန်းဖြေတဲ့သူတွေ မဆင်မခြင် အညစ်အကြေးစွန့်တာကြောင့် ကျင်ငယ်ရေနဲ့ မူလီတွေ တွေ့ထိပြီး သံချေးတက် ပြုတ်ထွက်ကုန်တာတဲ့၊ ဟုတ်မှာပါ။ ဘယ်လို ဘယ်လောက် ဘယ်နှစ်ယောက် တောင် တံတားကြီးပေါ်လာလာပြီး ကျင်ငယ်တွေ စွန့်ကြတယ် မသိဘူး။ အပန်းဖြေတာလည်း ဖြေပေါ့၊ လူလိုလည်းသိပေါ့၊ နောက်နောင်တော့ ဒီအတိုင်းထားလို့ မဖြစ်တော့ဘူး ထင်ပါတယ်။ တံတားပေါ် စာကပ်ထားရတော့မယ်။ သင့်ကြောင့် မီးမလောင်ပါစေနှင့် ဆိုသလို သင့်ကျင်ငယ်ကြောင့် တံတားကြီး မနိမ့်ဆင်းပါစေနှင့် ဆိုကောင်းမလား၊ ဘတ်စကားပေါ်က ဆန္ဒကို သိက္ခာနှင့် ထိန်းပါဆိုတဲ့ စာတန်းလို ဆန္ဒကို မူလီအတွက် ထိန်းပါဆိုသင့်မလား၊ ဒါမှမဟုတ်လည်း မောင်မှန်တို့ ရိုးရာအတိုင်း ဆိုက်ဝါးတွေ လွှင့်ထုတ်ပြီး တံတားပေါ် အပေ့ါစွန့်မှုကို ရပ်တန်စေမလား၊ ဥပမာ - ဘယ်သူတော့ဖြင့် မနေ့က တံတားပေါ် အပေါ့စွန့်မိတာ အခု ဆီးသွားလို့ မရောတ့ဘူး။ ဟိုဟာကြီး ရောင်နေပြီ (မျက်နျာကြီး ရောင်တာပြောတာပါ၊ ဆီးမသွားနိုင်တော့ ဆီးဖေါဖေါတာ ဖြစ်ပါတယ်။) တံတားက အရင်လို မဟုတ် တော့ဘူး။ နတ်ကြီးနေပြီ၊ နတ်ကိုင်ရင် ဓာတ်တိုင်တက်ရသလို ဖြစ်သွားမယ်နော်။ ဘာညာ အစရှိသ ဖြင့်ပေါ့။ ဂလောက်ဆိုလည်း တံတားပေါ် အပေါ့စွန့်သူတွေ ရပ်သွားလောက်ပါတယ်။

နောက်ထပ် ထည့်သွင်း စဉ်းစားရမယ့် အချက်တွေလည်း ရှိသေးတယ်ခင်ဗျ။ ဒီမူလီတွေဟာ ကျင်ငယ်ရေကြောင့် သံချေးတက်ပြီး ပြုတ်ထွက်ရိုးမှန်ရင် ဒီတံတားကြီးပေါ် နေ့စဉ် လာရောက်အပန်း ဖြေသူ ဘယ်လောက်ရှိပြီး ရောက်တုန်းရောက်ခိုက် ပေါက်အုန်း ပေါက်လိုက်မဟဲ့ဆိုတဲ့ သူက ဘယ်နှယောက်ရှိတယ်ဆိုတာ သိရအောင် စစ်တမ်းကောက်ယူသင့်တယ်။ ဒါမှလည်း ကျင်ငယ်ရေ လီတာ ဘယ်လောက်နဲ့ နေ့စဉ် ထိတွေ့မှုဖြစ်တဲ့ သံမူလီဟာ ဘယ်နှရက်အကြာမှာ သံချေးတက် တယ်ဆိုတဲ့ အဖြေမှန်မျိုး ရလာနိုင်တယ်။

မောင်မှန် ဖတ်ဖူးတာလေး တစ်ခုရှိတယ်။ မီယာမီကမ်းခြေမှာ သဲတန် .... ရှိတယ်တဲ့၊ ကမ်းခြေကို လာအပန်းဖြေတဲ့ သူတွေက တစ်နှစ်ကို ..... ရှိသတဲ့၊ သူတို့တွေ အိမ်ပြန်ကြတဲ့အခါ သူတို့ရဲ့ ဖိနပ်တွေထဲမှာ သဲတွေ ကပ်ပါသွားတာ တစ်ယောက်ကို ..... အောင်စ ရှိတယ်တဲ့၊ အဲဒီနှုန်းအတိုင်းဆို ..... နှစ်ကြာတဲ့အခါ မီယာမီကမ်းခြေမှာ သဲတစ်မှုန်တောင် ရှိတော့မှာ မဟုတ်ပါ ဘူးတဲ့ခင်ဗျာ။ ဒါက အပျော်သဘော ရေးထားတာပါ။ (မောင်မှန် ကွက်လပ်ချန်ခဲ့တဲ့ ကိန်းဂဏန်းတွေ ဟာ မမှတ်မိတာလည်း တစ်ကြောင်း အရေးမကြီးတာလည်း တစ်ကြောင်းကြောင့်ပါ ခင်ဗျာ၊) အခု လည်း ဒါမျိုးများ ဖြစ်နေသလား မသိဘူးနော်။ နောက်တစ်ခု စဉ်းစားစရာ ထပ်ရှိပြန်တာက ညဉ့်နက် သန်ခေါင် လူပြတ်တဲ့ အချိန်တွေမှာများ တံတားကို ဖျက်လိုဖျက်ဆီးလုပ်လိုသူ မသမာသူတွေက တံတားပေါ်ကို ဆီးအိုးတွေ ယူလာပြီး (ကားနဲ့ပဲဖြစ်ဖြစ်ပေါ့) သွန်ချကြသလား ဆိုတာပါ။ ဒါလည်း ဖြစ်နိုင်ခြေ ရှိတာပဲလေ။ ဗုံးခွဲဖို့တွေ ဘာတွေက ခက်သွားပြီဆိုတော့ ဒီနည်းဘက်များ လှည့်လာသ လားပေါ့၊ နိုင်ငံတော်ကြီး ဖွံ့ဖြိုးစည်ပင် တိုးတက်နေတာကို မရှုစိမ့်သူတွေကလည်း အများသားကလား။

လူတွေ အပေ့ါသွားလို့ မူလီတွေ သံချေးတက် ပြုတ်ထွက်ပြီး တံတားကြီး နိမ့်ဆင်းသွားရ ပါတယ်ဆိုတဲ့ သတင်း စကြားကြားရချင်းမှာ ဘယ်သကောင့်သားကများ ပေါက်ပေါက်ရှာရှာ အင်တာ နက် တင်လာတာပါလိမ့်ဆိုပြီး မောင်မှန် ထင်ခဲ့မိတယ်။ သက်သက်လှောင်ပြောင်သရော်တယ်လို့ပဲ ယူဆခဲ့တယ်။ သတင်းစာထဲ ဖတ်မိတော့မှ ဟ တကယ်ကြီးဟ၊ တကယ်ကြီးဆိုပြီး မောင်မှန်တင်မက အပေါင်းအသင်း တစ်သိုက်ပါ ဟားတိုက်ခဲ့ကြတယ်။ ပညာမဲ့သူများဆိုတော့ ပညာရှိစကားကို ရုတ်တ ရက် သဘောမပေါက်ကြဘူး၊ လက်မခံနိုင်ကြဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံကြီး ဖျက်သိမ်းလိုက်ပြီဆိုတာကမှ ယုတ္တိရှိသေးတယ်လို့ ထင်ခဲ့တာ။ နောက်ထပ် အင်ဂျင်နီယာတစ်ယောက် စကားကြားမှ မောင်မှန် စိတ်ပြောင်းသွားပြီး အော် ..... ဖြစ်နိုင်ခြေ ရှိသေးသားပဲဆိုပြီး၊ တောင်ရေး မြောက်ရေး အကြံပေး ဖြစ်သွားတာပါ ခင်ဗျာ။

Daily Eleven သတင်းစာမှာ ဖော်ပြခဲ့တဲ့ အင်ဂျင်နီယာ ဦးအေးဆွေရဲ့ တံတားနိမ့်ဆင်းမှုနဲ့ ပတ်သက်တဲ့ အပြောက ဒီလိုပါ။ "ကျင်ငယ်ရေကြောင့် ဖြစ်တယ်ဆိုတာက ဖြစ်နိုင်ချေ ရှိပါတယ်။ ကျင်ငယ်ရေမှာ အက်ဆစ်ဓာတ်ပါတော့ မူလီတွေကို ထိတွေပမယ်ဆိုရင် သံချေးက တက်လာမှာပဲ။ သံချေးတက်လာရင် ကြိုးတံတားတစ်စင်းမှာက လှုပ်ရှားမှုရှိတော့ မူလီတွေဟာ ပြုတ်ထွက်လာမယ်။ ဒါဟာ ဖြစ်နိုင်တဲ့ အရာပါ။ ဒါပေမဲ့ တံတားတစ်စင်းကို နှစ်စဉ် တစ်နှစ်ကို နှစ်ကြိမ်လောက် စစ်ဆေးရေး ဝင်ရပါမယ်။ သံချေးတွေ စစ်ဆေးရမယ်၊ လိုအပ်တာတွေ စစ်ဆေးရမယ်၊ ပြီးတော့ သံချေးမတက် အောင် (Coating)တွေ များများ သုတ်ပေးရမယ်။ သံချေးတက်တာကို တွေ့ရပြီဆိုရင်လည်း WD-40 ထိုးပြီး အမဲဆီပြန်ထည့်ပြီးတော့ လုပ်ဆောင်ရမှာ၊ တံတားစစ်ဆေးတဲ့ အဖွဲ့တွေက Maintenence လုပ်တာ မှာလည်း လိုအပ်ချက်တွေ ရှိလိမ့်မယ်။ Maintenence လုပ်တဲ့အခါမှာ အင်ဂျင်နီယာတွေဟာ ဘယ်နေရာ ဘိုးနပ်တွေကို စစ်ဆေးရမယ်ဆိုတာ သိနေတာပဲ၊ အခုဖြစ်တဲ့နေရာက အောက်ဘက်ခြမ်း ပိုင်း ဖြစ်နေတော့ သူတို့ စစ်ဆေးမှု အားနည်းသွားတာလည်း ပါမယ်" တဲ့။

ကျင်ငယ်ရေကြောင့် ဖြစ်နိုင်ချေ ရှိပေမယ့် အဓိကကတော့ အဓိကပါပဲတဲ့၊ အဓိကကတော့ စစ်ဆေးမှု အားနည်းလို့ပါတဲ့ ခင်ဗျာ။ မောင်မှန့်ဘက်က ကျင်ငယ်ရေကြောင့် ဖြစ်နိုင်ချေရှိတယ်ဆို တာကို လက်ခံပေးလိုက်သလို အင်ဂျင်နီယာမင်းများဘက်ကလည်း အဓိက အကြောင်းချင်းရာဟာ စစ်ဆေးမှု အားနည်းလို့ ဖြစ်ရတယ်ဆိုတာ လက်ခံပေးဖို့ လိုပါတယ်။ သေချာစဉ်းစားကြည့်ပါခင်ဗျာ။ မူလီသံချေးတက်တဲ့ ကိစ္စဟာ ကျင်ငယ်ရေနဲ့ မထိဘဲလည်း တက်နိုင်တာပဲ မဟုတ်လား။ (ကျင်ငယ်ရေ ထိလို့ မြန်မြန်တက်တာတော့ ဖြစ်နိုင်ပါတယ်) တစ်နှစ်ကို နှစ်ကြိမ်လောက် စစ်ဆေးရေး ဝင်သင့်တယ် လို့ ဦးအေးဆွေကတော့ ပြောတယ်။ ဝင်တဲ့အခါ သံချေးတက်တာတွေ ရမှာပေါ့။ ပြင်ရမှာပေါ့နော့ ဟုတ်ဖူးလား။

ရေစပ်စပ်မြင်ရင် တံတားဆောက်ချင်တဲ့ နဝတ၊ နအဖခေတ်မှာ ဆောက်လိုက်တဲ့ တံတားတွေ နည်းမှတ်လို့၊ ဖွင့်ပွဲနေ့တင် အက်ကြောင်းထင်တဲ့ တံတားတွေလ်ညး နည်းမှတ်လို့၊ ခုဟာကတော့ တအားပေါက်လို့ တံတားပျောက်မှာ ဟုတ်ပုံမရပါဘူး။ တအားမစစ်လို့ တံတားပစ်ရမယ့် ကိန်းပါခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly