မတ္တရာမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြို နေအိမ်အချို့ ရွှေ့ပြောင်းရန် အခက်အခဲဖြစ်နေ

မတ္တရာမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြို နေအိမ်အချို့ ရွှေ့ပြောင်းရန် အခက်အခဲဖြစ်နေ

September 12

မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ငယ်တိုးကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားခြင်းကြောင့် ကမ်းပါးပြိုမှုများဖြစ်ပေါ်ပြီး နေအိမ်အချို့ အရေးပေါ်ရွှေ့ပြောင်းရန် အခက်အခဲများရှိကြောင်း ဒေသခံတစ်ဦးမှ မဇ္ဈိမကိုပြောသည်။

"တချို့အိမ်လေးတွေကတော့ ဖျက်ပြီးပါပြီ၊ တချို့တော့ မဖျက်ရသေးဘူး၊ခက်ခဲတယ်ဆိုတာက ငွေကြေးလည်းပါတယ်၊ ဖျက်ပြီးပြန်တော့လည်း ရွှေ့ဖို့ပြောင်းဖို့ခက်တယ်။"ဟု ဒေသခံတစ်ဦးမှ ပြောသည်။

ဒေသခံ နောက်ထပ်တစ်ဦးမှလည်း"အဓိက အခက်အခဲက ဖျက်ပြီး နေရာ အစားပေးဖို့ မရှိတာဘဲ၊ ဆွေမျိုးသားချင်းရှိတဲ့သူက ပေါင်းနေလို့ရတယ်၊ရွှေ့ဖို့နေရာ အခက်အခဲရှိတယ်။"ဟုပြောသည်။

ဩဂုတ်လ ပထမပတ်လောက်မှစတင်၍ ကမ်းပြိုမှုများဖြစ်ပေါ်နေခြင်းကြောင့် မတ္တရာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ထံ အကြောင်းကြားထားသော်လည်း တစ်စုံတစ်ရာ လာရောက် ဆောင်ရွက်ပေးခြင်းမရှိသေးကြောင်း ဒေသခံတစ်ဦးမှ ဆိုသည်။

"အကြောင်းကြားတယ် ပြောတယ်၊ ဘာမှတော့ လာလုပ်မပေးဘူး။"ဟု ဒေသတစ်ဦးမှ ပြောသည်။

ပြီးခဲ့သည့်နှစ်က ယခုနှစ်လောက် ကမ်းပြိုမှု မဖြစ်ပွားခဲ့သော်လည်း ယခုနှစ်တွင် ရေကြောင်းပြောင်းမှုများဖြစ်ပေါ်ခဲ့ပြီး ရေဦးတိုက်ခြင်းကြောင့် ကမ်းပြိုခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ကမ်းပြိုခြင်းကြောင့် မတ္တရာမြို့နယ်အတွင်း လတ်တလော ကျေးရွာ ခြောက်ရွာခန့်ရှိ နေအိမ်အချို့လည်း ရွှေ့ပြောင်းမှုများ ပြုလုပ်နေကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#မတ္တရာမြို့နယ်

#ကမ်းပြိုမှု

#ဧရာဝတီမြစ်ရေ

#မန္တလေးတိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly