တန်ပြန်ထိုးစစ်အတွင်း ရုရှဆီမှ နယ်မြေများစွာ ပြန်လည်သိမ်းပိုက်နိုင်ဟု ယူကရိန်း ကြေညာ 

တန်ပြန်ထိုးစစ်အတွင်း ရုရှဆီမှ နယ်မြေများစွာ ပြန်လည်သိမ်းပိုက်နိုင်ဟု ယူကရိန်း ကြေညာ 
Photo - EPA

September 12

တန်ပြန်ထိုးစစ်အတွင်း၌ အစ်ဇီယမ်မြို့အား ပြန်လည်သိမ်းယူနိုင်ခြင်းအပါအဝင် နယ်မြေများကို သိမ်းပိုက်နိုင်ကြောင်း ယူကရိန်းက ကြေညာပြီး နိုင်ငံ၏ အရှေ့ပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ရသည်မှာ ရုရှ၏ လက်ချက်ကြောင့်ဟု တနင်္ဂနွေနေ့တွင် စွပ်စွဲပြောဆိုသည်။ 

ဥရောပ၏ အကြီးဆုံး နျူကလီးယားစက်ရုံနှင့် ပဋိပက္ခ၏ အခရာဖြစ်သော ရုရှထိန်းချုပ်ထားရာ ဇာပိုရေးရှားစက်ရုံက နောက်ဆုံး ဓာတ်ပေါင်းဖိုကို ဘေးကင်းလုံခြုံရေး လုပ်ငန်းစဉ်အရ ပိတ်ထားကြောင်း ယူကရိန်း နျူကလီးယားစွမ်းအင်အေဂျင်စီကလည်း ပြောသည်။ 

အဆိုပါ နျူကလီးယား ဓာတ်အားပေးစက်ရုံအနီး ယူကရိန်း၏ တိုက်ခိုက်မှုများသည် “ကြီးမားသော အကျိုးဆက်များ” ဖြစ်လာနိုင်သည်ဟု ရုရှသမ္မတ ဗလာဒီမာ ပူတင်က တစ်ချိန်တည်းတွင် သတိပေးသည်. 

တနင်္ဂနွေနေ့နှောင်းပိုင်း၌ ယူကရိန်း အရှေ့ပိုင်း နယ်မြေအများအပြားတွင် လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစပေါ်ရာ ရုရှကို ယူကရိန်းတာဝန်ရှိသူများက အပြစ်တင်သည်။ 

အရပ်သားအခြေခံအဆောက်အအုံများကို ရုရှတို့က ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်နေသည်ဟု ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောသည်။ 

“ခါကိဗ်နဲ့ ဒွန်နက်စ်ဒေသတွေ၊ ဇာပိုရေးရှားက နေရာတွေ၊ နီပရိုပတ်ထရိုဗက်စ်နဲ့ ဆမ်မီဒေသတွေမှာ လျှပ်စစ်မီး ပြတ်တောက်နေတယ်”ဟု ဇယ်လန်စကီးက လူမှုမီဒီယာတွင် ထုတ်ပြန်ပြီး “ရုရှအကြမ်းဖက်များ” ကြောင့်ဟု အပြစ်ဆိုသည်။ 

“စစ်စခန်းအဆောက်အအုံတွေကို မဟုတ်ဘူး၊ ပြည်သူတွေ လျှပ်စစ်မီးနဲ့ အပူပေးစနစ် မရရှိအောင် ရည်ရွယ်လုပ်ဆောင်တာပဲ”ဟု ၎င်းက ထပ်လောင်းပြောသည်။ 

နောက်ပိုင်း၌ အချို့သော ခရိုင်များတွင် လျှပ်စစ်မီးများ ပြန်ရလာကြောင်း သိရသည်။ 

အရှေ့ပိုင်းက မြို့နှင့် ကျေးရွာ ဒါဇင်များစွာအား ပြန်လည်သိမ်းပိုက်နိုင်ကြောင်း ယူကရိန်းတပ်များက အတည်ပြုလာသည့်နောက်တွင် ယခုကဲ့သို့ လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပွားခြင်း ဖြစ်သည်။ 

ရုရှထိန်းချုပ်ထားသော နယ်မြေများ အပါအဝင် ဒေသ၌ လျှပ်စစ်မီးပြတ်တောက်မှုများကို လူ ကိုးသန်းနီးပါး ရင်ဆိုင်ကြုံတွေ့နေရခြင်း ဖြစ်သည်။ 

ရုရှ၏ တိုက်ခိုက်မှုများကြောင့် ရထားဝန်ဆောင်မှုများလည်း အလျင်ပြတ်နေပြီး နိုင်ငံ၏ ဒုတိယအကြီးဆုံး ခါကိဗ်မြို့အပါအဝင် အရှေ့ပိုင်းတစ်လွှား၌ နှောင့်နှေးမှုများ ဖြစ်ပေါ်ကြောင်း အမျိုးသားရထားဌာနက ကြေညာထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly