ကမ္ဘောဒီးယားရှိ ကျေးရွာဆေးပေးခန်းတွင် မသန့်သည့် အပ်များသုံး၍ အိတ်ချ်အိုင်ဗီကူးစက်မှု ဒုတိယအကြိမ် ထပ်ဖြစ်

ကမ္ဘောဒီးယားရှိ ကျေးရွာဆေးပေးခန်းတွင် မသန့်သည့် အပ်များသုံး၍ အိတ်ချ်အိုင်ဗီကူးစက်မှု ဒုတိယအကြိမ် ထပ်ဖြစ်
(ဓာတ်ပုံ-အီးပီအေ)

ကမ္ဘောဒီးယားနိုင်ငံရှိ ကျေးလက်ဆေးခန်းတစ်ခု၌ သုံးစွဲသည့် အပ်များ မသန့်၍ အိတ်ချ်အိုင်ဗီကူးစက်ခံရသည်ဆိုသည့် သတင်းများထွက်နေခြင်းကြောင့် စုံစမ်းစစ်ဆေးမှု ဆောင်ရွက်လျက်ရှိနေသည်။

ဖနွမ်းပင်မြို့မှ ၃၅ ကီလိုမီတာနီးပါး အကွာအဝေးတွင် ရှိသည့် လူဦးရေအားဖြင့် ၁၀၀၀ ဝန်းကျင်နေထိုင်သော ပမ်းကျေးရွာတွင် ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်အတွင်း လူဆယ်ဦး အိတ်ချ်အိုင်ဗီ ကူးစက်ခံရကြောင်း ကမ္ဘောဒီးယားဒေးလီး သတင်းစာတွင် ဖေဖော်ဝါရီ ၂၂ ရက် ဖော်ပြသည်။

အသက်အားဖြင့်လည်း ကြီးရင့်ပြီး တစ်လင်တစ်မယားသာ နေထိုင်တတ်သူများတွင် ကူးစက်ခြင်းဖြစ်၍ ပြည်နယ်အာဏာပိုင်များအတွက် အထူးဂရုစိုက်စရာဖြစ်ခဲ့ရသည်။

ယင်းကျေးရွာသို့ ကျန်းမာရေးတာဝန်ရှိသူများကိုယ်တိုင် လာရောက်ခဲ့ပြီး ကျန်းမာရေးဝန်ကြီး မမ်ဘန်ဟန်းအား မေးမြန်းရာတွင် အသေးစိတ်မဖြေကြားရန် ငြင်းဆန်ပြီး စုံစမ်းဆဲအခြေအနေဖြစ်ကြောင်း ပြောခဲ့သည်။

ဒေသခံများကမူ ကျေးလက်ဆရာဝန်သုံးစွဲသည့် အပ်များ မသန့်ခြင်းကြောင့်ဖြစ်သည်ဟု အပြစ်ဆိုနေကြောင်း ယင်းသတင်းစာတွင် ဖော်ပြသည်။

ဒီဇင်ဘာလအတွင်းကလည်း ဖနွမ်းပင်အနောက်မြောက်ဖက် ကီလိုမီတာ ၂၅၀ အကွာက ဘတ်တမ်ဘန်ပြည်နယ်ရှိ ကျေးရွာတစ်ရွာတွင် မသန့်ရှင်းသည့် အပ်များသုံးစွဲ၍ လူပေါင်း ၂၇၀ ကို အိတ်ချ်အိုင်ဗီကူးစက်စေခဲ့သည့် လိုင်စင်မဲ့ ဆေးကုနေသူတစ်ဦးအား ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့ရသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၁၉၉၀ ခုနှစ်များ နောက်ပိုင်း အိတ်ချ်အိုင်ဗီကူးစက်ဖြစ်ပွားမှုနှုန်း နှေးကွေးလာခဲ့သော်လည်း လူဦးရေ ၁၅ သန်းရှိသည့် နိုင်ငံအတွင်း အိတ်ချ်အိုင်ဗီဖြစ်ပွားနေသူပေါင်း ၇၅၀၀၀ ကျော်ရှိနေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

Ref: DPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags