တာလီဘန်အထီးကျန်နေချိန်တွင် တရုတ်က အာဖဂန်နစ္စတန်သို့ ရထားလမ်းဖြင့် ကုန်ပစ္စည်းများ ပို့ဆောင် 

တာလီဘန်အထီးကျန်နေချိန်တွင် တရုတ်က အာဖဂန်နစ္စတန်သို့ ရထားလမ်းဖြင့် ကုန်ပစ္စည်းများ ပို့ဆောင် 

ကမ္ဘာ့နိုင်ငံများက တာလီဘန်အား လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် ရှုတ်ချပြီး အစိုးရအား အသိအမှတ် မပြုချိန်တွင် တရုတ်နိုင်ငံက  အာဖဂန်နစ္စတန်သို့ ကုန်ပစ္စည်းများ ပို့ဆောင်မည်ဖြစ်သည်။

အာဖဂန်နစ္စတန် မီးရထားအာဏာပိုင် (ARA) က တရုတ်မှ အာဖဂန်နစ္စတန်သို့ ရထားဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်ကို ယခုလတွင် စတင်မည်ဟု Tolo News က ဖော်ပြခဲ့သည်။

 အာဖဂန်နစ္စတန် မီးရထားအာဏာပိုင် (ARA) အကြီးအကဲက ၎င်း၏ ဥဇဘက်ကစ္စတန်ခရီးစဉ်အတွင်း ARA နှင့် တရုတ်ကုမ္ပဏီတို့သည် ကာဂျစ္စတန်နှင့် ဥဇဘက်ကစ္စတန်မှတစ်ဆင့် တရုတ်မှ အာဖဂန်နစ္စတန်သို့ ကုန်ပစ္စည်း များပို့ဆောင်ရန် သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။

ကြေးနီနှင့် လစ်သီယမ်ဆိုင်ရာ စီမံကိန်းများအပါအဝင် အာဖဂန်နစ္စတန်၏ သတ္တုတူးဖော်ရေး ကဏ္ဍကို တရုတ်ကုမ္ပဏီများက စိတ်ဝင်စားမှု ကြီးထွားလာကာ နိုင်ငံတွင်း အပ်ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ထရီလီယံအထိ ရှိမည်ဟု ခန့်မှန်းရသည်။

သို့သော်တရုတ်၏ ကြိုးပမ်းမှုများသည် စေတနာမရှိဟု ယူဆရသောကြောင့် တရုတ်၏ တိုးပွားလာသော စိတ်ဝင်စားမှုများသည် အနောက်နိုင်ငံများအတွက် စိုးရိမ်စရာဖြစ်စေသည်။ စီးပွားရေးအမြတ်အစွန်းများအပြင် မဟာဗျူဟာမြောက် အကျိုးစီးပွားများနှင့် အမေရိကန်နှင့် အကွက်ချပြိုင်ဆိုင်မှုများလည်း ရှိနေသည်။

အာဖဂန်နစ္စတန်တွင်   စီးပွားရေးချဲ့ထွင်ရန် တရုတ်က စီးပွားရေးသံတမန်ရေးရာကို အလေးထားလျက်ရှိသည်။ သံတမန်ရေးအရ အထီးကျန်ဖြစ်နေသည့် တာလီဘန်ကို အားပေးကူညီရန်လည်း တတ်နိုင်သမျှ လုပ်ဆောင် လျက်ရှိသည်။

တရုတ်သည် နိုင်ငံရေးအရ တာလီဘန်နှင့် စည်းလုံးညီညွတ်ရန် ကြိုးစားနေပြီး စီးပွားရေးအရ သတ္တုလုပ်ငန်းနှင့် ကုန်သွယ်ရေးတွင် ပါဝင်ပတ်သက်လိုသည်။

တရုတ်သည် တာလီဘန်ကို နိုင်ငံရေးအရ ချဉ်းကပ်ရန်လည်း ကြိုးပမ်းနေသည်။ လွန်ခဲ့သောလများက တရုတ်သည် နိုင်ငံတကာ၌ ထိန်းချုပ်ခံထားရသော အာဖဂန်နစ္စတန်၏ ပိုင်ဆိုင်မှုများကို ပြန်ပေးရန်နှင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ဖြေလျှော့ပေးရန် တောင်းဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required